ညနေပိုင်း အလုပ် ဆင်းပြီး ပြန်အလာ ဗိုက်ဆာတော့ ပလာတာစား။ လက်ဖက်ရည်ဝင်သောက်တယ်။ ဒီအိန္ဒိယဆိုင်ရဲ့ လက်ဖက်ရည်က ငယ်ဘဝကို သယ်ဆောင်သွားတယ်။ သူ့ရဲ့ အနံ့အရသာက ငယ်ငယ်က နေမကောင်းမှ သောက်ရတဲ့ ကော်ဖီမှုန့် နဲ့ ချက်နို့ဆီ ဖျော်သောက်တဲ့ ရနံ့မျိုး။ လူသန်းနဲ့ချီ နေတဲ့ မြို့ကြီးပြကြီးတွေက ညဟာ ဒီလောက် အထီးကျန်နေမယ်လို့ ဘယ်သူထင်မှာလဲ။ လူသူကင်းမဲ့တဲ့ တောတောင်ထဲက မီးမှိတ်တုတ် မှိတ်တုတ်နဲ့ တဲအိမ်ကလေးကို လွှမ်းမိပါရဲ့။ တောင်ရိုးဘက်သွား နွားလှည်းနဲ့ ဝါးခုတ်ကြတုန်းက အဖြစ်အပျက်ကလေးတွေ သတိရမိတယ်။
ဟောဒီ အိန္ဒိယဆိုင်မှာ အဘိုးကြီး တစ်ယောက်နဲ့ အတူထိုင်မိလိုက်တယ်။ သူလည်း အလုပ်ကပြန်လာပုံရတယ်။ ပြုံးပြ နှုတ်ဆက်မိပြီး သူကလည်း စကားတွေ လာပြော မေးခွန်းတွေ လာမေးနေတော့ ကိုယ့်အတွေးလေးပျက်သွားတယ်။ ကိုယ်ကတော့ သူမေးတာ အမှန်အတိုင်းတွေ ပြောနေမိတယ်။ ပြန်ခါနီး သူဘယ်မှာ နေလဲမေးတော့ ဒီနားက မဟုတ်ဘူးဆိုတယ်။ MRT ရထားနဲ့ ပြန်မှာ ပြောပြီး ဘူတာရုံနဲ့ ဆန့်ကျင်ဘက် ထွက်ခွာသွားတယ်။ သူ့နောက်ကျောပြင် ငေးရင်း တစ်စုံတစ်ခု ခံစားလိုက်ရတယ်။ ဘာလို့ ကိုယ်က အမှန်တွေ ပြောမိလိုက်သလဲလို့။ မြို့ကြီးပြကြီးဆိုတာက လူတွေ သိပ်သည်းနေပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု့ ကင်းမဲ့တတ်ကြတဲ့ သဘောပေါ့။ အခုချိန်ထိ မြို့ပြနဲ့ မြို့ပြက လူတွေနဲ့ ယဉ်ကျေးမှု့နဲ့ အသားမကျသေးဘူး။
အတွေးကို ပြန်ဆက်မလို့ရှိသေး တစ်ခေါ်စာ လမ်းထိပ် ၂၄ နာရီ Food Court က ဆူညံ့ဆူညံ့ ရန်ဖြစ်သံကြားရတယ်။ ရဲတွေ ရောက်လာတော့ အသံတိတ် သွားတယ်။ ထိုင်နေတဲ့ဆိုင် ရေမြောင်းထဲက ကြွက်တစ်ကောက် ထွက်လာတာ မြင်လိုက်တယ်။ ဓာတ်ပုံ ရိုက်မလို့ ပြင်လိုက်တော့ ရေမြောင်းထဲ ပြန်ဝင်သွားတယ်။ ခင်ဗျားတို့ ယုံမှာတောင် မဟုတ်ဘူး။ ကျွန်တော် နေထိုင်နေတာ စင်္ကာပူမြို့ကြီးရဲ့ သဘာဝကျကျနေရာပေါ့။
မိုးပျံငှက်
04/06/2018