ပါရီ ခရီးသည် စာအုပ်ကို ဖတ်ပြီး ဒီခေါင်းစဉ်လေး ပေးလိုက်တာပါ။ ပန်းချီကို ၀ါသနာပါတာကတစ်ကြောင်း ခရီးသွားမှတ်တမ်းတွေဖတ်ချင်နေတာကတစ်ကြောင်းကြောင့် ဖတ်ဖြစ်လိုက်တယ်။ စာရေးဆရာက ပန်းချီးဆရာ ၀င်းပ။ ကျွန်တော် မမွေးခင်ကတည်းက ပါရီ မီထရို (မြေအောက်ရထား ) နဲ့ မြို့ထဲက ပြတိုက်ကြီးတွေ အကြောင်း သိရတယ်။ စင်ကာပူမှာတော့ မန်အာတီ ရထားစီးပြီး သွားလာကြတယ်။ ဖွံ့ဖြိုးတဲ့ တိုင်းပြည်ဖြစ်လာရင် ရထားက ပိုအားကိုးရတယ် ထင်တယ်။ ကျွန်တော်တို့ဆီက ရထားတွေမှာ ရိုးရိုးတန်း အထူးတန်းဆိုတာတွေ မရှိသင့်တော့ဘူးလို့ ထင်တယ်။ ကျွန်တော်တို့လည်း ရထားကို အားကိုးသင့်ပြီ။ ရန်ကုန်မြို့ပတ်ရထားခက တစ်ဆယ် နှစ်ဆယ်ပဲ ယူမယ့်အစား များများယူ ကောင်းအောင်လုပ်ပေးရင် ကောင်းမှာပဲလို့ တွေးမိသဗျ။
ပါရီက ရုပ်ရှင်ရုံတွေမှာ ဘ၀ကို မြတ်နိုးသူတိုင်း ရုပ်ရှင်ကြည့်ကြသည်ဆိုပြီး ရေးထားတယ်တဲ့။ ကျွန်တော်လည်း ဒီရုံးပိတ်ရက် ရုပ်ရှင်သွားကြည့်မယ် စိတ်ကူးလိုက်တယ်။ ဘ၀မှာ မကျေနပ်ချက် ခံစားချက်တွေကို ခဏမေ့ပြီး ဖြစ်တည် နေတဲ့ ဘ၀ကို မြတ်နိုးရမှာပဲ။ နေ့လည်ဖက် တော်ဝင်စင်တာ ကိုထွက်ခဲ့တယ်။ မြို့ထဲက ရုံတွေက ပြည်ပကားတွေတင်နေတယ်။ အဲဒီမှာက ကြည့်ဖူးတယ်။ မြန်မာကားပဲ ကြည့်ချင်တယ်။ တော်ဝင်စင်တာကို မရောက်ဖူးသေးတာနဲ့ အဲဒီကိုရောက်ခဲ့တယ်။ ကျွန်တော်က ရုပ်ရှင်ကြည့်ရင် တစ်ယောက်တည်းသွားတာများတယ်။ ကိုယ်ကြည့်ချင်တဲ့ကားကို ဘယ်သူမှ အားမနာပဲ ကြည့်လို့ရတယ်။ သူငယ်ချင်းပါရင် ဖြစ်ဖြစ် ကောင်မလေးတွေပါရင်ဖြစ်ဖြစ် သူတို့အားနာပြီး ကိုယ်မကြိုက်တဲ့ ကားကို ၀င်ကြည့်လိုက်ရတာမျိုး မကြုံတော့ဘူးပေါ့။ တောင်ဝင်စင်တာက အခုနောက်ပိုင်း ရန်ကုန်မှာ အကောင်းဆုံးနောက်ဆုံးပေါ် စင်တာ။ မော်တင် စင်တာထက်ကျယ်တယ်။ ဒီဗီဒီ ရုပ်ရှင်ရုံ သုံးရုံပါတယ်။ စင်ကာပူက Ang Mo Kio Hub လို Funan လိုပါပဲ။ ဒီဗီဒီရုံကတော့ အသံပိုင်းရော ရုပ်ပိုင်းရော မမီသေးဘူးဗျာ။ လူ ၁၀၅ ယောက်ဆန့်တဲ့ ရုပ်ရှင်ရုံအသေးစားလေး ပါပဲ။ '' ဒိုင်စားတယ် '' ဆိုတဲ့ ဟာသကားပဲ ကြည့်လိုက်ပါတယ်။ အကယ်ဒမီရတဲ့ ကားတစ်ချို့ကလွဲရင် အခုနောက်ပိုင်း ပေါတောတော ဟာသကားတွေပဲ များတယ်။ ကျွန်တော်တို့ ငယ်ငယ်က ကျော်သူ ၊ စိုးသူ ၊ညွှန့်ဝင်း ၊ ကျော်ဟိန်း တို့ကားတွေ ဘုရားပွဲမှာ ညလုံးပေါက်မိုးလင်း ကြည့်ရတဲ့ ကားတွေလောက် ရင်ထဲတယ် မငြိလှဘူး။ စိုးသူနဲ့ ကျော်သူ သရုပ်ဆောင်တဲ့ '' ဒိုးနဲ့ မျိုး " ၊ ကျော်သူ နဲ့ မို့မို့မြင့်အောင် ငပလီမှာရိုက်တဲ့ကား ၊ ညွန့်ဝင်း ရွှေချည်ငွေချည်တန်းပါလို့ ၊ ကျော်ဟိန်း ရဲ့ ပန်းမြိုင်လည်က ဥယျာဉ်မှူး စတဲ့ကားတွေပါပဲ။ နွေရာသီ ဘုရားပွဲရှိရင် ပိတ်ကားကြီးတွေနဲ့ ကြည့်ခဲ့ရတာ ပြန်အမှတ်ရမိတယ်။ ဒစ်ဂျစ်တယ်ခောတ်မှာတော့ အဲဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အခု ကျွန်တော်တို့ ပိုတိုးတက်လာပေမယ့် ရသပိုင်းမှာ အားနည်းသွားသလားလို့တော့ အောက်မေ့မိတယ်။ ကဗျာမှာ စကားပြေကဗျာ ၊ မော်ဒန်ချတယ်။ ပန်းချီ ၀ါဒအမျိုးမျိုး နဲ့ လိုက်ချဲတယ်။ အောင်မြင်တယ်။ လက်ခံလာကြတယ်။ မော်ဒန် ၀တ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်လို့မရဘူးလား။ တာရာမင်းဝေ ၀တ္ထုတွေ ရုပ်ရှင်ရိုက်ဖို့ကြိုးစားတဲ့ ဒါရိုတ်တာ မရှိဘူးလား။ ကျွန်တော် လျှောက်တွေးကြည့်မိပါတယ်။ ရုပ်ရှင်မှာတော့ ကိုရီးယားကားနဲ့ ပြည်ပကားတွေပဲ နောက်တစ်ခါ ကြည့်ချင်တော့တယ်။ ။
မိုးပျံငှက်
No comments:
Post a Comment