Monday, March 15, 2010

ကျေးလက် ကျောင်းသားဘဝ



ဒီတစ်ခေါက် ရွာက အမေ့အိမ်မှာ တော်တော် ကြာကြာနေဖြစ်ခဲ့တယ်။ မိုးရနံ့သင်းနေတဲ့ ငြိမ်းချမ်းတဲ့ ရွာကလေးမှာ ရန်ကုန်ကိုပြန်ရောက်ရင် လုပ်ရမယ့် အလုပ်တွေကို ခဏမေ့ထားလိုက်ပါတယ်။ဆရာနေမျိုးရဲ့ ဇာတိရပ်ရွာပြန်ရောက်တဲ့အခါ အက်ဆေးကို ဖတ်ရင်း ငယ်ငယ်က ကျေးလက်ကျောင်းသားဘ၀ကို ပြန်တွေးနေမိတယ်။ ကျနော်တို့ ရွာဟာ မြို့နဲ့ (ရ)မိုင်ခန့် ဝေးပါတယ်။ ရွာကြီးတစ်ရွာ ဖြစ်ပေမယ့် ၁၉၈၀ – ၈၅ ၀န်းကျင်မှာ ဘုန်းကြီးကျောင်းပညာရေးပဲ ရှိပါသေးတယ်။ ဘုန်းကြီးကျောင်းမှာ ကျနော်သူငယ်တန်း စ နေရတယ်။သူငယ်တန်းလေး၊ သူငယ်တန်းကြီးဆိုပြီး နှစ်နှစ်နေရတယ်။ မိဘတွေက အသက် ၆ နှစ်ကျော်မှ ကျောင်းထားတယ်။ ကျောင်းဆင်း တဲ့အချိန် ဘုရားတန်ဆောင်း သိမ်ထဲမှာသရေကွင်းပစ်၊ လောက်စလုံးပုံတိုက်၊ ဂျင်ပေါက်၊ ထုတ်စီးတိုး၊ လိုက်တမ်း ပြေးတမ်း ကစားခဲ့ကြတာပါ။ ၁၉၈၆ ခန့်မှာတော့ ရွာရဲ့တောင်ဘက် လယ်ကွင်းထဲမှာ အစိုးရမူလတန်းကျောင်းကို ဆောက်လုပ်ပြီးတဲ့အခါ အတန်းပညာရေးနဲ့ ဘုန်းကြီးကျောင်းပညာရေးကို ခွဲလိုက်ပါတယ်။ မူလတန်းကျောင်းသစ်ကို ပြောင်းသင်ရတဲ့အခါကျ နော် ပထမတန်းကနေ စပြီး စာသင်ရတယ်။ ကျနော်တို့ ရွာကကျောင်းကလေးဟာ အစပထမ မလုံမခြုံလေးနဲ့ စခဲ့ရ တယ်။ မိုးတွင်း လေရောမိုးရော ရွာချရင် မိုးပက်ပြီး ခေါင်မိုးပေါ်မိုးရေ ကျသံကြောင့် စာသင်လို့မရပါဘူး။ မိုးလုံတဲ့ ထောင့်တစ်ထောင့်မှာ စုနေကြရတယ်။ မိုးကြီးကြီးရွာရင် စာမသင်ရလို့ ကျနော်တို့ ပျော်လို့ပါပဲ။ ခုံရှည်လေးတွေချထား တဲ့မြေကြီးပေါ်မှာ ထိုင်စရာ အခင်းမရှိပါဘူး။ အုတ်ခဲကျိုးဖင်ခုထိုင်တဲ့ သူ ၊ စပါးထည့်တဲ့နိုင်လွန်အိတ်ဟောင်းကိုဖြန့်ခင်း ထိုင်တဲ့သူထိုင်နဲ့ပါ။ ရွာက မူလတန်းကျောင်းလေးမှာ ဆရာ သုံးယောက်ပဲရှိတယ်။ ဆရာမ မရှိပါဘူး။ ကျနော်အလီပြန် လို့ မှားတဲ့အခါ ဆရာက လက်သီးနဲ့ ထိပ်ခေါက်ပါတယ်။ ကျနော်တို့ ကျောက်တံတွေ တုံးနေတော့ ဆရာကချွန်ပေးတယ်။ ညနေကျောင်းဆင်းပြီးရင် အိမ်မပြန်ကြသေးပဲ ရွှံ့ထဲဗွက်ထဲ လယ်ကွင်းထဲမှာဘောလုံးကန်ကြတာကိုအမှတ်ရမိပါတယ်။ လွယ်အိတ် နဲ့ အပေါ်အင်္ကျီ၊ ဘောင်းဘီကိုချွတ်၊ ခမောက်အောက်မှာထားပြီး မိုးဖွဲဖွဲအောက်မှာ လုံးတီးလေးတွေ ပြေး လွှားနေကြတာ။ တချို့ကောင်တွေ အိမ်ကလိုက်လာပြီးဒုတ်နဲ့ အတီးခံရတယ်။ ၁၉၈၈ အရေးအခင်းဖြစ်တော့ ကျနော်ဒုတိယတန်းလောက်ပဲ ရှိမယ်ထင်ပါတယ်။ ဆန်းစပါးတွေ အလု အယက်မခံရအောင် ခြံတံခါးတွေ ခြံစည်းရိုးတွေ လုံအောင်ရွာသားတွေ လုပ်ကြရတယ်။ ကျနော်တို့ အိမ်မှာ ညစောင့် အမျိုးတွေ ခေါ်ထားရတယ်။ရွာတောင်ပိုင်းမှာကင်းတဲတစ်ခု မြောက်ပိုင်းမှာကင်းတဲတစ်ခု အလှည့်ကျကိုယ့်ရွာလုံခြုံရေးအတွက် ကင်းစောင့်ကြရတယ်။ ဓား၊ ၀ါးရင်းတုတ်၊ စင်းထစ်လို့ခေါ်တဲ့ ဂျင်ဂလိတွေနဲ့။ ကျနော့်ဦးလေးက ကင်းတဲမှာ ကာလသားဟင်း ချက်စားကြတာကို ရယ်စရာအဖြစ်ပြန်ပြော
ပြတယ်။ ပြည်သူတွေ ကျီးလန့်စာစားနေရတဲ့ အချိန်ပါပဲ။ ကျောင်းတွေပြန်ဖွင့်တဲ့အခါ တချို့ကျောင်းကိုပြန်မ ရောက်လာတော့ဘူး။ ကျနော်တို့ (၄)တန်းမှာအားလုံးပေါင်း(၁၁) ယောက်ပဲရှိတယ်။ မူလတန်းအောင်တဲ့ အခါ မြို့က အထက်တန်းကျောင်းကို ပြောင်းတက်ရတော့(၄)ယောက်ပဲ ကျန်တော့တယ်။ မိဘတွေက မြိုကျောင်းကို ဆက်မထား နိုင်တော့ ။ လယ်ထဲ ချောင်းထဲမှာ အလုပ်လုပ် မိဘတွေကိုကူညီကြရတယ်။ ရွာကနေ ကျောင်းသွားတက်ရတာ သုံးမိုင် ဝေးပါတယ်။မိုးတွင်းလမ်းမကောင်းရင်ခြေကျင်လျှောက်ရပြီး လမ်းသာရင် စက်ဘီးနဲ့ အသွားအပြန်ကျောင်းတက်ရတယ်။ ကျနော် မိဘတွေက ကျနော်ကို ကျောင်းဆက်ထားခဲ့တယ်။ အမေဟာ လယ်တွေ အများကြီးပိုင်ပြီး စားရင်းငှားတွေနဲ့ ဦးစီးလုပ်ကိုင်ပါတယ်။ အဖေက အစိုးရ၀န်ထမ်းဖြစ်ပြီး အမေ့ရဲ့ထောက်ပံ့မှုနဲ့သာ ကျနော်တို့ ညီအစ်ကိုမောင်နှမ တွေ ပညာသင်ကြားခဲ့ရပါတယ်။ အခုအခါမှာတော့ အဖြူအစိမ်း ကျောင်းသူ၊သားလေးတွေမြင်တိုင်း ငယ်ငယ်က ကျေးလက်ကျောင်း သားဘ၀ကို သတိရပြန်တွေးနေမိတယ်။                     

မိုးပျံငှက်
22/08/2009

No comments:

Post a Comment