Saturday, March 13, 2010

မှတ်သားမိသော ဆုံးမရတနာ


ရတနာဟူသည် အဖိုးထိုက်တန်ကြသည်။  ရှာဖွေစုဆောင်း ကြသည်။ ကျောင်းတော်ကြီးမှ စုဆောင်းရရှိခဲ့သော ဆရာ၊ဆရာမတို့၏ ဆုံးမရတနာများကို မှတ်မိသလောက် ပြန်တွေးကြည့်ပါသည်။ ဆရာ၊ ဆရာမတို့၏ စေတနာနှင့် ကျေးဇူးတရားကို အပြည့်အ၀ နားလည်သဘောပေါက်၍ မဟုတ်သေးပါ။ တတွတ်တွတ် ပြောဆို ဆုံးမခဲ့ကြသဖြင့် မှတ်မိနေသော စကားများမှ တချို့သာ ဖြစ်ပါသည်။

နံနက်ကျောင်းတက်ခေါင်းလောင်းထိုးသောအခါ ကျောင်းစုဝေးပွဲအတွက် တန်းစီကြ၊ နိုင်ငံတော်သီချင်းဆိုကြရသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီးက နံနက်ခင်းသြ၀ါဒစကား မိန့်ကြားပါသည်။
“မောင်တို့မယ်တို့ ကျောင်းကို ဘာရည်ရွယ်ချက်နဲ့လာခဲ့တာလဲ။ မိဘတွေလွှတ်လို့လာခဲ့တာမဖြစ်သင့်ဘူး။ ပညာဆိုတာ ကျွမ်းကျင်လိမ်မာရ၏ ။ ။ဗဟုသုတကုံလုံကြွယ်ဝရ၏ ။ စိတ်ထားဖြူစင်သန့်ရှင်းရ၏ ။ ကျောင်းတော်ကြီးကိုဦးတည်ချက်မဲ့စွာ လာရောက်ကြခြင်းမဟုတ်ဘဲ ပညာရွှေအိုးကြီးကို တူးဖော်ရန်လာရောက်ကြခြင်းဖြစ်တယ်။ ဘ၀မှာ နဖူးတွေ့၊ ဒူးတွေ့ ကြုံရမယ့် ပြသာနာတွေကို ဖြေရှင်းနိုင်အောင် နေတတ်၊ ထိုင်တတ်အောင် လေ့ကျင့်ပေးနေတာ ဖြစ်တယ်။ မုန့်ကိုလည်း စားတတ်ရမယ်။ အမှိုက်စွန့်ပစ်ရာမှာ စည်းကမ်းကိုလည်း လိုက်နာရမယ်။ ” စသည်ဖြင့် သြ၀ါဒများမိန့်ကြား၍ တစ်နေ့တာကိုဖွင့်လှစ်မြဲ ဖြစ်သည်။
ဘုရားရှိခိုးပြီးနောက် ပထမဆုံး စာသင်ချိန် စတင်ပါသည်။ သင်ခန်းစာ အသစ်ကို အတန်ကြာသင်ကြားပြီးနောက်  ဆရာမကြီးက ခေါင်းအနည်းငယ်ငုံ့၍ မျက်မှန်အပေါ်မှ မျက်လုံးတစ်စုံဖြင့် တစ်ခန်းလုံးကို ကြည့်လိုက်ပါသည်။ ဆရာမကြီး ထိုသို့ကြည့်ပြီဆိုလျှင် ကျွန်တော်တို့ အားလုံးသိပြီးဖြစ်သည်။ သင်ခန်းစာ အသစ်အပေါ် စိတ်မ၀င်စားငြီးငွေ့ နေသည်ဖြစ်၍ တစ်ကြောင်း ၊ သင်ခန်းစာ တစ်ချိန်နှင့် မပြီးလျှင်စာအသစ်မကျက်ရ၍ တစ်ကြောင်း ဆရာမကြီးစကားကို နားထောင်နေလျှင် ကောင်းမည်ဟု ဆုံးဖြတ်ကြသည်။
“မင်းတို့ရဲ့ ဦးတည်ချက်က ပညာရေးပဲ။ အဓိကနဲ့ သာမညကို ခွဲခြားသိရမယ်။ အဓိကဆိုတာ ကိုယ့်ရည်မှန်းချက်ပေါက်မြောက်အောင်မြင်အောင် ဖော်ဆောင်ခြင်းကို ဆိုလိုတယ်။ ရည်မှန်းချက်ပေါက်မြောက်အောင်မြင်ဖို့ဆိုတာ အခက်အခဲတွေကို မလွဲမသွေရင်ဆိုင်ရမှာ။ အဲဒီအထဲမှာ သာမညဆိုတာတွေ ရှိနေလိမ့်မယ်။ အဓိကနဲ့ သာမညကိုခွဲခြားတတ်ရင် ပေါက်မြောက်အောင်မြင်ဖို့ မဝေးတော့ဘူး။ ” ကျွန်တော်တို့ တိတ်ဆိတ်နေခဲ့ကြသည်။ နှစ်တက်တပည့်တိုင်းကို ဆရာမကြီး ထိုသို့ ဆုံးမပေးနေဦးမှာသေချာပါသည်။
ကျောင်းသား၊ကျောင်းသူများ လိမ္ပာယဉ်ကျေးအောင် ပြောဆိုသွန်သင်ရာတွင် မြန်မာဆရာမှာ ထိတ်ဆုံးက ပါဝင်သည်။ “နှုတ်ချိုသာစွာ ပြောဆိုရမယ်။ …………အရေးမပါဘူး။ …………..အသုံးမကျဘူးဆိုတဲ့ စကားတွေရှေ့မှာ ၀ိသေသတွေထည့်မပြောပါနဲ့။ ရိုးရိုးပဲပြောပါ ” ဟုလူရည်မွန်ဖြစ်ဖို့ ဆုံးမ၏။ ကျွန်တော်တို့ အကျင့်ပါနေသော (…….ကျင့်ပါနေသော ) ပါးစပ်များ ဆင်ခြင်မိကြသည်။ “၀ီရိယရှိခြင်းဟာ သတ္တိရှိခြင်းဖြစ်တယ်”ဟု ၀ီရ နှင့် ၀ီရိယကို ဆက်စပ်ပြခဲ့သည်။
“ခိုင်းမှလုပ်တယ်။ မခိုင်းရင်မလုပ်ဘူး။ ခိုင်းလိုက်တာကို စဉ်းစားဝေဖန်ခြင်းမရှိဘဲ ခိုင်းတဲ့အတိုင်းလုပ်တယ်။ ဒါကျွန်စိတ်ပဲ။ စီမံတတ်မှုနဲ့ ကိုယ့်ကိုကိုယ် ထိန်းသိမ်းပြီး အမြဲတိုးတက်နေအောင် ကြံစည်နေခြင်းဟာ သခင်စိတ်ဖြစ်တယ်။ ကျွန်စိတ်ကိုပယ်၊ သခင်စိတ်မွေးကြရမယ်။ ကျွန်ခေတ်၊ သခင်ခေတ် မဟုတ်သည့်တိုင် နေရာတိုင်း ဌာနတိုင်းမှာ ကျွန်စိတ်၊ သခင်စိတ် ရှိနေဦးမယ။် ”  ဆရာသည် ဖတ်ထားသမျှ ဆောင်းပါးတို့မှ ကောင်းနိုးရာရာလေးများကို တပည့်တို့အားဖြန့်ဝေပေးသည်။ ဘက်စုံပညာရေးတွင် “ စာမေးပွဲတွေနဲ့ ပြေး၊ ခုံ၊ ပစ်အားကစားလုပ်ငန်းနှစ်ရပ် ဆောင်ရွက်ရာမှာ ဘယ်လုပ်ငန်းကိုမှ မထိခိုက်ပဲ ၊ တစ်ဖက်စွန်းမရောက်ပဲ ပြုလုပ်ကြရမယ်။ အားကစားဆိုတဲ့ ကာယစွမ်းရည်နဲ့ စာမေးပွဲဆိုတဲ့ ဥာဏစွမ်းရည်တို့ကို ဟန်ချက်ညီညီပြသကြရမယ်” ဟူ၍ အားကစားနှင့် ပညာရေး ဒွန်တွဲညီမျှစေရန် ဆရာမိန့်ကြားခဲ့ပါသည်။
ကျောင်းရှေ့ ဗာဒံပင်ကြီးမှ ရော်ရွက်ခြောက်များ ၀ဲပျံကြွေကျနေကြသည်။ စာမေးပွဲကြီးနီးလာသည်နှင့် ကျွန်တော်တို့ တုန်လှုပ်ကြောက်ရွံ့ကြသည်။ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ကြသည်။ ထိုအခြေအနေမျိုးတွင် “ ဆန္ဒဆိုတာ ဖြစ်ချင်တာပဲ ရှိတယ်။ မျှော်လင့်ချက်ဆိုတာ ဖြစ်ချင်တာကိုဖြစ်အောင်လုပ်မှာ။ ဒီအတန်းထဲက ၉၀ ရာခိုင်နှုန်းသော ကျောင်းသား၊ ကျောင်းသူတွေဟာ ဆန္ဒနဲ့ပဲ ဖြစ်ချင်တာ ရှိတယ်။ မျှော်လင့်ချက်နဲ့ ကြိုးစားကြပါ။ ပုတ်သင်ညိုက ပြောသမျှကို ခေါင်းညိတ်တတ်တယ်။ ကြက်တူရွေးက မှတ်ထားပြီး ပြန်ပြောတတ်တယ်။ ပုတ်သင်ညို နဲ့ ကြက်တူရွေးလိုမဖြစ်စေနဲ့။ အရာရာကို ကိုယ်တိုင်စဉ်းစားတွေးတော။ ဒါဆိုသချာင်္တော်မယ်။” ၂၁ ရာစု၏ ပညာခေတ် အကြောင်းကိုလည်း ပြောပြအားကျစေခဲ့သည်။ စိတ်ခွန်အားကို နှိုးဆွ၍ ဆုံးမလမ်းညွှန်ပေး၏။
နှစ်စဉ်ကျင်းပသော ဘုံကထိန်ပွဲတော် ၊ မိဘဆရာ ကျောင်းသားစုံညီပွဲတော်၊ အာစရိယပူဇော်ပွဲတို့တွင် ကျောင်းသားကျောင်းသူတို့၏ စည်းလုံးမှု၊ ၀ါသနာနှင့် အစွမ်းအစ ၊ ရိုသေကိုင်းရှိုင်းမှုတို့ကို တွေ့မြင်ကြရသည်။ ဆရာ၊ ဆရာမတို့သည် စာပေပညာပို့ချပေးသည်သာမက နေ့စဉ်ပြောဆိုဆုံးမကြ၏။ တပည့်များအပေါ် မေတ္တာ၊ဂရုဏာ၊မုဒိတာတို့ဖြင့် သင်ပြကြသည်။ စေတနာ၊၀ါသနာ၊အနစ်နာတို့ဖြင့် ပန်းများပွင့်လန်းစေသည်။ တပည့်များကို ထက်မြက်စေလိုသည်။ စာသင်သားတို့က တပည့်ဝတ်ကျေပွန်စွာဖြင့် ဆရာတို့ထံမှ ဆုံမရတနာများ စုဆောင်း၍ အလိမ္ပာ ပညာရရှိရေးကို ရှေးရှုကြစေလိုသည်။          ။

မိုးပျံငှက်
ရွှေခနောင်း (အ.ထ.က ကနောင်) ရွှေရတုအကြိုမဂ္ဂဇင်း
၁၉၉၉-၂၀၀၀


No comments:

Post a Comment