Saturday, April 10, 2010

ရွှေမန္တလေး








ကျွန်တော်  သွားဖြစ်ခဲ့သော နေရာဒေသများကို ခရီးသွား မှတ်တမ်းအဖြစ် ရေးသွားချင်သည်။   ကျွန်တော် ငယ်ငယ်က သွားခဲ့သည်များကိုလည်း ပြန်လည်ရေးဖွဲ့ချင်နေမိသည်။ ခရီးသွားရသည်ကို ကျွန်တော် ပျော်သည်။ ငွေကြေးကလေးလည်းတတ်နိုင် ၊  အားလပ်ချိန်လေးလည်း ပေးနိုင်ပါမှ ခရီးသွားဖို့ အထမြောက်ပါသည်။ မိသားစုများ ၊ သူငယ်ချင်းများ ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အလျင်းသင့်သလို ရောက်ဖြစ်ခဲ့သည့် ဒေသများကို ပြန်တွေးနေမိသည်။ ကျွန်တော့် စိတ်ထဲတွင် ရောက်ဖူးချင် ၊ သွားချင်နေသော ဒေသများလည်း ရှိသည်။ အကြောင်းအမျိုးမျိုးနှင့် မရောက်ဖြစ်သေးပါ။ ကျွန်တော် သွားခဲ့ သမျှသော ခရီးများမှာ အပျော်ခရီးသက်သက်က နည်းပါးလှသည်။ အလုပ်ကိစ္စနှင့် သွားခဲ့ရသည်မို့  ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သော်လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်ဖြစ်ရသည်။
ရွှေမန္တလေးသို့ အလုပ်ကိစ္စနှင့် သွားရန် အကြောင်းပေါ်လာသည်။ အားလပ်သည့် အချိန်လေးများတွင် ကျွန်တော် သွားချင်နေသည့် မြို့ရိုး ၊ နန်းတွင်း ၊ မန္တလေးတောင် ၊ ဦးပိန်တံတား နှင့် ဈေးချိုကို အပြေး ရောက်ခဲ့သည်။ ရန်ကင်းတောင်သွားသည့် လမ်းတွင် မန္တလေးဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ရှိသည်။ စစ်ကိုင်း ၊ မင်းကွန်းဘက် နှင့် ပြင်ဦးလွင်သို့ သွားချင်ခဲ့သော်လည်း  ဒီတစ်ခေါက် မရောက်ခဲ့တော့ ။ အလုပ်က မပြီးပြတ်သည်မို့ ဇွဲလျော့ခဲ့ရသည်။ နောင်အခါအခွင့်သင့်လျှင်တော့ ရောက်ဖြစ်အောင်သွားမည်ဟုသာ စိတ်ထဲတွင် အားခဲနေမိတော့သည်။              ။
မိုးပျံငှက်