Monday, August 16, 2010

ကာရက်တာမတူတဲ့ ဇာတ်မှာ နှစ်ကိုခွဲ သရုပ်ဆောင်နေတဲ့ ငါ


တနင်္လာ ၊ သောကြာ
မိုးပျံငှက်ဟာ မစားချင်ပဲ ထမင်းကြော်စောစောစားရ
ကိန်းဂဏန်းတွေနဲ့ ဈေးစကားပြောရ
အပြုံးတုတွေနဲ့ သွားဖြဲပြရ
မျက်နှာလို မျက်နှာရဖားတဲ့ ဇာတ်ပို့ တွေနဲ့
သတ်ကွင်းထဲမှာ ကျားရဲတစ်ကောင်မဖြစ်ရင်တော့ ရှုံးနိမ့်မှာပဲ….။
စနေ ၊ တနင်္ဂနွေ
အိပ်ရာထချင်တဲ့ အချိန်မှထ ၊ ဆာတဲ့အချိန် စားတယ်
အရောင်တွေ စကားလုံးတွေနဲ့ ကစားတယ်
တစ်ခါတစ်လေ ဘယ်မီဒီယမ်မှ စိတ်တိုင်းမကျ
မြင်မြင်သမျှ Installation Art ပဲ
စိတ်လိုလက်ရ လမ်းလျှောက်တာတောင်
Performance Art လို့ စိတ်ကြီးဝင်နေတဲ့
အူကြောင်ကြောင် ငနဲပဲ
ရသကိုးမျိုးမှာ ဘယ်နှစ်မျိုးသုံးဆောင်ပြီးပြီလဲ
ဒီကာရက်တာ မတူတဲ့ ဇာတ်မှာ
နေရာမှား သရုပ်မဆောင်မိဖို့ ကြိုးစားရှာနေတဲ့
လူသားပီသချင်တဲ့ စက်ရုပ်ပဲ………။ ။
မိုးပျံငှက်

Thursday, August 5, 2010

နေမျိုးရဲ့မော်ဒန်ဝတ္ထု

'' ၀က်သစ်ချပင်ကြီးရဲ့ အဝေးမှာ''
 

ဘုရင်မရှိတဲ့ တိုင်းပြည်မှာ တိုင်းပြည်မရှိတဲ့ ဘုရင်တစ်ပါးရောက်လာသလို ဒီမြို့ကို ကျွန်တော်ရောက် လာခဲ့တယ်။ လမ်းပေါ်မှာ ခွေးတစ်ကောင်အူနေတယ်။ ဟောဒီ နေစကြာဝဠာကြီးထဲမှာ အလွန်ကြီးမားတဲ့ အင်အားတစ်ရပ် ရှိပြီး အဲဒီအင်အားတွေဟာ ကျွန်တော်နဲ့ လမ်းပေါ်မှာအူနေတဲ့ ခွေးဆီ တစ်ချို့တစ်ဝက် ရောက်ရှိနေတယ်လို့ ကျွန်တော်ခံစားရတယ်။ ဟောဟိုက အထပ်ခုနှစ်ထပ်ရှိတဲ့ အဆောက်အဦးကြီးရဲ့ အပေါ်ဆုံးထပ်မှာ အိပ်စက်နေသူ မိန်းမပျိုတစ်ဦးရဲ့ အိပ်ခန်းထဲမှာ တည်နေတဲ့ အ၀ါရောင်နှင်းဆီပွင့် ထဲမှာလည်း အဲဒီအင်အားတွေဟာ သက်ရောက်တည်ရှိ ဖူးပွင့်နေတာပေါ့။ ကျွန်တော်မမြင်ရတဲ့နေရာမှာ သစ်ရွက်တွေ ကြွေနေလိမ့်မယ်။ အင်္ဂါဂြိုလ်ပေါ်မှာ သစ်ရွက်မကြွေတဲ့နေ့တစ်နေ့ဆိုတာ ရှိကောင်းရှိနိုင်ပေမယ့် ကမ္ဘာမြေပေါ်မှာတော့ သစ်ရွက်မကြွေတဲ့ နေ့တစ်နေ့ဆိုတာ မရှိနိုင်ပါဘူး။ တစ်နေရာရာမှာ သစ်ရွက်တွေ ကြွေနေပါလိမ့်မယ်။ အဲဒီသစ်ရွက်ဟာ ကျွန်တော်မမြင်ဖူးသေးတဲ့ ၀က်သစ်ချရွက်တော့ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် ၀က်သစ်ချပင်ကြီးဟာ အရွက်တွေကြွေနေပြီဆိုတဲ့ သံကြိုးစာ ကျွန်တော်ဆီ ရောက်လာတယ်။ ကျွန်တော်က အဲဒီသံကြိုးစာကို ဆုတ်ဖြဲပြီး လေထဲကို လွှင့်ပစ်လိုက်တော့ စက္ကူစုတ်တွေဟာ ၀က်သစ်ချပင်ကြီး အရွက်တွေ ကြွေသလို တလွင့်လွင့်ပျံဝဲသွားကြတယ်။ လူတို့ ဝေါဟာရအလိုအားဖြင့် ဖော်ပြလို့ မရနိုင်တဲ့အရာတွေဆီကို ကျွန်တော်မတော်တဆရောက်သွားတတ်တယ်။ အဲဒီနေရာ အဲဒီအရာတွေဆီ ထပ်ပြီး ကျွန်တော်မ ရောက်ချင်တော့ဘူး။ ဝေးနိုင်သမျ ဝေးဝေးကိုပဲ ကျွန်တော်ထွက်ခွာလာခဲ့တယ်။ ဒါပေမယ့် အဝေးဆုံးကို ရောက်ဖို့ဆိုရင် ''အရွေ့စွမ်းအင်ကို''ကို သုံးလို့ အချည်းအနှီးပဲဆိုတာ ကျွန်တော်သိသိလာတယ်။ သိသိချင်းပဲ ကျွန်တော်ရပ်နေလိုက်တယ်။ ဒီအချိန်မှာ လှပချောင်းမောတဲ့ အမျိုးသမီးတစ်ယောက်ဟာ ပြန်လာခဲ့တော့ဆိုတဲ့ အက္ခရာတွေကို ချရေးနေပြီလား ပြောပြစမ်းပါ။ တကယ်တော့ တိုင်းပြည်မရှိတဲ့ ဘုရားတစ်ပါးဟာ သာမန်လူတစ်ယောက်နဲ့ အတူတူပါပဲ။ သူဟာ သာမန်လူတစ်ယောက်ထက်ထူးခြားတာဆိုလို့ စိတ်ကြီးဝင်နေတာနဲ့ လေလွင့်နေတာပဲ ရှိနေလိမ့်မယ်။ ကျွန်တော်ဟာ တိုက်ခတ်နေတဲ့ လေထဲမှာ ကိုယ့်ကိုယ်ကို လွင့်ပါမသွားအောင် ထိန်းရင်းရပ်နေတာပါ။ ရွေ့လျားတိုင်းပြည်ဆိုတာကတော့ နေစကြာဝဠာကြီးရဲ့ အပြင်ဘက်မှာပဲ ရှိကောင်းရှိနိုင်တာမျိုးပါ။ ရပ်နေမယ့်အစား နေစကြာဝဠာရဲ့ အပြင်ဘက်ကို ထွက်ခွာသွားသင့်ပါသလား။ လမ်းပေါ်က ခွေးဟာ သူ့လည်ပင်းကို ဆွဲဆန့်ပြီး နောက်တစ်ကြိမ်ထပ်ကာ အူလိုက်တယ်။ အူသံဟာ လေထဲမှာ တုန်ခါပြီး အရပ်ရှစ်မျက်နှာကို ပျံ့နှံ့သွားတယ်။ ကျွန်တော်ဟာ အခုရောက်နေတဲ့ မြို့အမည်ကို မသိဘူး။ ''အမည်မသိတဲ့မြို့'' မှာ ကျွန်တော်ဟာ အဖော်မွန်ကောင်းတစ်ယောက်နဲ့ ဆုံနိုင်ဖို့ မမျော်လင့်ပါဘူး။ တောကြီးမျက်မည်းထဲမှာ ၀ံပုလွေတွေ ပြေးနေကြတာကို ကျွန်တော်မြင်ယောင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရင်မရှိတဲ့ တိုင်းပြည်ဟာ တောကြီးမျက်မည်းနဲ့ အတူတူပဲ မဟုတ်လား။ ၀ံပုလွေတွေက အငမ်းမရ ပြေးနေကြပြိး ယုန်ကလေးတွေက အထိတ်တလန့်ပုန်းအောင်းနေကြရတဲ့ ဒေသတစ်ခုလေ။ တောရိပ်တောင်ရိပ်တွေက အရာရာကိုရောထွေးပစ်တဲ့ နေရာဒေသတစ်ခုပေါ့။ ဒါပေမယ့် ထင်မြင်ယူဆချက်တိုင်းဟာ အခါခပ်သိမ်းနေရာတိုင်းမှာ မမှန်နိုင်ကြဘူး။ ကျွန်တော် 'ဟိုတယ်' တစ်ခုထဲကို ၀င်ရောက်သွားတော့ အားလုံးဟာ အရိုအသေပြုကာ အလေးအနက်ပဲ ကြိုဆိုကြတယ်။ သူတို့ကို ကျွန်တော်မသိသလို ကျွန်တော်ဟာလည်း သူတို့အဖို့ သူစိမ်းတစ်ယောက်ပါ။ ဒါကြောင့်ပဲ သူတို့ဟာ ကျွန်တော်ကို တစ်ခမ်းတစ်နားကြိုဆိုကြတာပေါ့။ ဘုရင်တစ်ပါးကို ကြိုဆိုကြသလိုလေ။ အကြောင်းကတော့ ဒီမြို့မှာမသိခြင်းဖြင့် ဂုဏ်ယူပါဆိုတဲ့ ဆောင်ပုဒ်အလွန်ခေတ်စားနေတဲ့အချိန်ဖြစ်နေလို့ပါပဲ။ ဟိုတယ်က ကျွန်တော့်ကို အထူးအရေးကြီး ဧည့်သည်တစ်ယောက်အဖြစ် ကြိုဆိုခဲ့တယ်။ လက်ခံခဲ့တယ်။ ဒီဟိုတယ်မှာ ကျွန်တော်အတွက် တည်းခိုစရိတ်၊ သွားလာစရိတ် အစစအရာရာကျခံဖို့အတွက် ဘာများအလုံအလောက်ပါလာခဲ့ပါသလဲ လို့ သူတို့က မေးတော့ ကျွန်တော်က အမှန်အတိုင်းပဲ ဖြေလိုက်တယ်။ သူတို့က ကျွန်တော်အဖြေကို ကျေကျေနပ်နပ်ပဲ လက်ခံလိုက်ကြပါတယ်။ အခန်းထဲက ခုတင်မှာ ကျွန်တော်လှဲချလိုက်ပြီး သိပ်မကြာခင်ပဲ စွပ်ပြုတ်တစ်ပွဲရောက်လာခဲ့တယ်။ စွပ်ပြုတ်ဟာ အငွေ့တစ်ထောင်းထောင်းနဲ့ အနံ့က ကျွန်တော်ဇာတိကို သတိရစေတယ်။ ပြီးတော့ ဖြူဆွတ်ဆွတ် ပေါင်မုန့်တစ်လုံး၊ အဲဒီ အဖြူရောင်ပေါင်မုန့်ကတော့နောက်တစ်ကြိမ်ထပ်မံမရနိုင်တော့တဲ့ အမျိုးအစားတစ်ခုပါ။ ညစာကို စားသောက်ပြီးတော့ ခုတင်ပေါ်မှာ ကျွန်တော်တစ်ရေးအိပ်ပျော်သွားတယ်။ ကျွန်တော် အိပ်ပျော်နေစဉ်မှာ ကျွန်တော်ဆီကို ၀က်သစ်ချပင်ကြီးက အရွက်တွေကြွေနေပြီဆိုတဲ့ သံကြိုးစာတွေ တစ်စောင်ပြီးတစ်စောင် ၀င်လာနေတယ်လို့ ဆိုပါတယ်။ ကျွန်တော် နိုးလာတော့ အခန်းထဲမှာ အမျိုးသမီးတစ်ယောက် ရောက်နေတယ်။ သူမဟာ ကျွန်တော် လဲလျောင်းနေတဲ့ ခုတင်ရဲ့ တစ်ဖက်မှာရှိတဲ့ စားပွဲမှာ ထိုင်နေတယ်။ သူမက ကျွန်တော့်ကို စကား စ တင်မပြောပါဘူး။ ကျွန်တော်ကလည်း သူမကို ကြည့်ပြီး  ဘာစပြောရမှန်းမသိပါဘူး။ ကျွန်တော်က ပိတ်ထားတဲ့ ပြတင်းပေါက်ကို ဖွင့်ပြီး လှမ်းကြည့်လိုက်တယ်။ လမ်းပေါ်မှာ ဘီယာစည်တွေ တင်ဆောင်ထားတဲ့ ထရပ်ကားကြီးတွေ သွားလာနေကြတယ်။ လမ်းမီးတွေက မလင်းသေးဘူး။ အလင်းရောင်ကတော့ အားနည်းစပြုနေပြီ။ လမ်းပေါ်မှာ လည်ပင်းကို ဆွဲဆန့်ပြီး သံရှည်ဆွဲကာ အူနေတဲ့ ခွေးတစ်ကောင်ကို မြင်တွေ့ရလေဦးမလားလို့ကျွန်တော်က ကြည့်မိတယ်။
မတွေ့ရတော့ပါဘူး။ အဲဒီနောက်မှာတော့ ကျွန်တော်ပြတင်းပေါက်ကို ပြန်ပိတ်လိုက်တယ်။ အမျိုးသမီးကို မျက်နှာချင်းဆိုင်လိုက်ပြီး ''ခင်ဗျား ဒီမှာ ရှိနေတာကို ကျွန်တော်သဘောကျပါတယ်'' လို့ ပြောလိုက်တယ်။ သူမက ကျွန်တော့်အနားကို တိုးကပ်လာပြီး '' ကျွန်မတို့ ဒီဟိုတယ်နဲ့ ဒီမြို့က ဝေးနိုင်သမျဝေးဝေးကို သွားကြမှဖြစ်မယ်'' လို့ လေသံတိုးတိုးနဲ့ ဆိုလိုက်တယ်။ ချက်ချင်းပဲ ကျွန်တော်က '' ဝေးနိုင်သမျ ဝေးဝေးကို သွားဖို့ဆိုရင် အရွေ့စွမ်းအင်ဟာ အလကားပဲ'' လို့ပြောပြီး သူမနဲ့ အတူ အိပ်စက်လိုက်ပါတယ်။ အပြင်ဘက်မှာ မိုးတပေါက်ပေါက်ကျသံကို သဲ့သဲ့ကြားရတယ်။ ကျွန်တော်အိပ်နေပြီလို့လည်း  သံကြိုးစာတစ် စောင်ရိုက်လိုက်ပါတယ်။ ဘယ်သူ့ဆီကိုလဲဆိုတော့ နေစကြာဝဠာရဲ့ အပြင်ဘက်ကို ရောက်သွားချင် လည်း ရောက်သွားမှာပေါ့  ။                   ။
နေမျိုး
(မှတ်ချက်။        ။ ကျွန်တော်ကြိုက်လို့ ၃၀.၆.၂၀၀၃ ကဖတ်ခဲ့တဲ့ ၀ထ္တုတိုကို ရင်ဘတ်ထဲမှာ သိမ်းထားခဲ့ပါတယ်...အလွန်ကြီးမားတဲ့ အင်အားတစ်ရပ် ဆိုတာ ဘာလဲ။ အမည်မသိတဲ့မြို့ ဆိုတာ ဘာလဲ။ 'ဟိုတယ်' ဆိုတာ ဘာလဲ။ ဘီယာစည် လမ်းမီး သံကြိုးစာ စဉ်းစားကြည့်ပါဗျာ။ )