Saturday, January 15, 2011

ခောတ်ဟောင်းထဲက လူ


ဘ၀ရဲ့ မအောင်မြင်မှုအပေါ်
တစ်ဖက်သတ် ချစ်ခြင်းမေတ္တာပေါ်
ခြေကုန်လက်ပမ်းကျနေတဲ့ ချောတိုင်တက်သူ အနေနဲ့
ငါ မင်းကို အရှုံးပေးခဲ့တယ်....

ဖြစ်တည်မှု သက်တမ်းအတွင်း
သူတို့က ဘာအရောင်ဆိုးလို့  ငါက ဘာအရောင်ဆိုးခဲ့ သလဲ
ငါက ဘာအရောင်ခြယ်လို့ သူတို့က ဘာအရောင်ခြယ်ခဲ့ သလဲ
အဆိပ်မရှိတဲ့ မြွေတစ်ကောင်လား အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လား
အအေးရောင် ၊ အပူရောင် ၊ နွေးထွေးတဲ့ အရောင်
ဆန့်ကျင်ဘက် အရောင်တွေကြောင့် ပြည့်စုံသွားတဲ့ ပန်းချီကားတစ်ချပ်လို
အမှန်တရားဟာ တစ်ခုမက ရှိလေတော့
ဒီကာလအတွင်း မိုးခါးရေကလည်း
ရေသန့်ဗူးယောင် ဆောင်လာတယ်......

ခောတ်ဟောင်းသီချင်းတွေ နားထောင်ရင်း
မင်းကို သတိတရ အလွမ်းတွေ ရွှေချပြီး
သက္ကရာဇ်အလိုက် သိမ်းထားလိုက်တယ် ...........


မိုးပျံငှက်



No comments:

Post a Comment