အစ်ကို ဝမ်းကွဲ တစ်ယောက် ဆုံးသွားတယ်။ မနေ့က သတင်းကြားကတည်းက စိတ်မကောင်း ဖြစ်နေပါတယ်။ ငယ်ငယ်က အဖေ့ရွာ သွားလည်တိုင်း အစ်ကိုတွေနဲ့ သူတို့သွားရာ တစ်ကောက်ကောက် လျှောက်လိုက် ဧရာဝတီမြစ်ထဲ ရေကူး။ ငယ်ငယ်က ပုံရိပ်တွေ ရုပ်ရှင်အနှေးပြကွက်လို တစ်ကွက်ချင်း မြင်ယောင်လို့ ။ ညီအစ်ကိုတွေ အိမ်ထောင်တွေကျ သားသမီးတွေရ။ အဖေဆုံးသွားကတည်းက အဖေ့ရွာကို အရောက်နည်း အစ်ကို ဝမ်းကွဲတွေနဲ့ စိမ်းသွားတယ်။ သူတို့ ဘဝ သူတို့မိသားစု ရုန်းကန်နေရသလို ကျွန်တော်လည်း ကိုယ့်ဘဝကိုယ် ရုန်းကန်နေရင်း ဝေးဝေးသွားခဲ့ရ။ အစ်ကိုနဲ့ မတွေ့တာ ၅ နှစ်လား။ ၁၀ နှစ်လား။ နောက်ဆုံး ဘယ်တုန်းက တွေ့ခဲ့လဲ ပြန်စဉ်းစားမရ။ သူ့မိသားစု ပြိုကွဲ ဝမ်းနည်းပြီး မျက်ရည်ဝဲမိ။ ကျွန်တော်ပြန်လာရင် ပြန်ဆုံမယ် မျှော်လင့်တုန်း အစ်ကို လွင့်ပါးခဲ့ရပြီ။ လူ့ဘဝက တိုတိုလေးပဲ။ အစ်ကို ကောင်းရာသုကတိလားပါစေ။ အဝေးတစ်နေရာ ရောက်နေလို့ ကျွန်တော် မလာနိုင်တာ ခွင့်လွှတ်ပါဗျာ။
ဗိုလ်တက်ခေါက်။