Tuesday, November 14, 2017

ဒီဇင်ဘာတေး ၂၀၁၇

ဘာက ဘယ်လို စမှန်းမသိ။ ဘယ်နေရာ ဘယ်မှာ အတိအကျ မသိ။ ဘယ်လို ဘယ်ပုံ အဆုံးသတ်မှာလဲ မသိ။ အစမရှိ အဆုံးမရှိ။ မိုးတိမ်တွေလို တစ်စုံ တစ်ရာကတော့ ရွေ့လျားနေတာကို အလွမ်းလို့ ခေါ်ပါသလား။  
                          
တစ်ခုသော နိုဝင်ဘာ။ စားမေးပွဲကြီး ပြီးသွားရင် လွတ်လပ်ပြီ လို့ တွေးသူကတွေး။ ဒီကျောင်းကြီးက ထွက်ခွာ သွားပြီးရင် ဘဝခရီး ကိုယ်စီ စလျှောက်ရတော့မယ်လို့ ဆိုသူကဆို။ တူနှစ်ကိုယ် နေ့စဉ်တွေ့ရဖို့ ဝေးတော့မယ်လို့ ဆွေးသူကဆွေး။ ဒီအချိန် နောက်ဆုံး ဖွင့်ပြောပစ်လိုက်မယ်လို့ အားခဲသူခဲပေါ့။ ကျောင်းဝန်းထဲက ဗာဒံပင်ကြီးက အရွက်တွေ မြောက်ပြန်လေအဝှေ့မှာ ကြွေကြနေလေရဲ့။  
.......အခုတော့ ... ဝေးခဲ့ပြီလေ ... အခုတော့ ... ဝေးခဲ့ပြီ ...တို့နှစ်ဦးသား....နှုတ်ဆက်မျက်ရည်လေးများ....မသိအောင်သိမ်းထား...... 
ထူးအိမ်သင် သီချင်းသံသဲ့သဲ့က ကန်တင်းဘက်က လွင့်လာတယ်။ 
ရွာကို ပြန်ရမယ့်ရက်ရယ် ၊ ရန်ကုန်ပြန်လာ အလုပ်ရှာရမယ့် ရက်ရယ် တွက်ဆလို့နေမိတယ်။ 

ဒါတွေက အစလား အဆုံးလား။ ဘယ်သူက အဓိက ဇာတ်ဆောင်လဲ။ မျက်လုံးချင်း နှလုံးသားချင်း စကားပြောယုံ ၊ ရင်ထဲ လိုက်ခနဲ ခုန်ယုံနဲ့ မလုံလောက်ခဲ့ဘူးဆိုတာ ဆယ်စုနှစ်အတော်ကြာမှ သိခဲ့တယ်။    

....အခုတော့ ... ဝေးခဲ့ပြီလေ ... အခုတော့ ... ဝေးခဲ့ပြီ ...တို့နှစ်ဦးသား.......

ကောင်မလေးရေ ... သက္ကရာဇ်ဝေဝေဝါးဝါး မြေပဲယို လှည်းတန်းလမ်းမ။ ရင်ခုန်သံက အမြှောက်ဆံလို မျက်ဝန်းနက်တစ်စုံ ...တည့်တည့်ရင်ဝ စိုက်တဲ့ မျှားတစ်ချောင်း... အခုထိ သွေးစက်လက်နဲ့ နှုတ်ဖို့ခက်နေတုန်း။ အိမ်မက်က လန့်နိုးတော့ ၂၀၁၇ ဒီဇင်ဘာ မြူနှင်းကလေးတွေကျလို့။ ငါတို့ ကောင်ကလေး ကောင်မလေးတွေ မဟုတ်ကြတော့ဘူး။ 

မိုးပျံငှက်

နိုဝင်ဘာ  ၂၀၁၇။

No comments:

Post a Comment