Thursday, December 9, 2010

၄၉ ကြိမ်မြောက် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ရန်ပုံငွေ ဈေးရောင်းပွဲတော် ၂၀၁၀




၄၉ ကြိမ်မြောက် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ရန်ပုံငွေ
ဈေးရောင်းပွဲတော် ၂၀၁၀ကို မနှစ်ကလို ဒီနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာလည်း
Searchers-Myanmar အဖွဲ့နဲ့ အတူပါဝင် ခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့က
ထောက်ပတ်ထမင်းနဲ့ ကြက်ကြော် ရောင်းကြတယ်။ ရောင်းရငွေကို သက်ကြီးရွယ်အို
အဘိုးအဘွားများအတွက် လှူဒါန်းနိုင်ခဲ့ပါတယ်။ ။

မိုးပျံငှက်

Tuesday, November 23, 2010

မြို့လေးရေကျန်ခဲ့တော့


မြို့လေးရေ
ငါ မရောက်တာ ကြာခဲ့ပြီ
မင်းလည်း မင်းသမိုင်းကို မင်းရေးသလို
ငါလည်း ငါ့သမိုင်းကို ငါရေးနေရ
ဧရာဝတီရဲ့ ကမ်းပါးမှာ
အဆုန် အဆန်ကူးခတ်ခဲ့ နေ့များ
အ.ထ.က (ကနောင်) ကျောင်းတော်က ဆရာ ဆရာမများ
ကျောင်းရှေ့က ဗာဒံပင် ၊ ဘောလုံးကွင်းထဲက လက်ပံပင်ကြီး
ပြိုတော့မယ့် ရှေးဟောင်း စေတီပုထိုးများ
ရေကာတာကြီးတလျှောက် ထန်းပင်တန်းများ
---------------------------
----------------------------------------------------
ငှက်တစ်ကောင် အားမာန်နဲ့
နိုင်ငံအနှံ့ ပျံသန်းနေခဲ့
အရှုံးတွေ တစ်ပွေ့တစ်ပိုက်နဲ့တော့ အမေ့အိမ်လေးကို မပြန်ဘူး
အခုတော့ စိတ်ထဲကပဲ
လှမ်းပြီး လွမ်းနေမိတယ် မြို့လေးရေ ။                              ။

မိုးပျံငှက်

Wednesday, November 17, 2010

ဒုတိယအကြိမ်ရောက် ပျဉ်းမနားမြို့






ဒီတစ်ပတ်တော့ အလုပ်ကိစ္စနဲ့ ပျဉ်းမနားကို ဒုတိယအကြိမ် ရောက်ခဲ့တယ်။ အရင်တစ်ခေါက်က နိုင်ငံခြားရေးဝန်ကြီးရုံးမှာ တံဆိတ်တုံးထုရုံတင်ဆိုတော့ သူငယ်ချင်း လွှမ်းကြီးနဲ့ နေ့ချင်းပြန် သွားခဲ့တယ်။ ဒီတစ်ခေါက်မှာ ဟိုတယ်တွေ Royal Naypyitaw Hotel ၊ Mount Pleasant Hotel ၊ စူပါမားကက်တွေ ( Junction Center )  ၊ ဆေးရုံတွေဖွင့်ထားပြီး လမ်းများ ၊ မီးများကောင်းလွန်းသော်လည်း လူဦးရေမှာ ရန်ကုန်လောက် မထူထပ်သေး။ ပျဉ်းမနားမြို့ ငါးလိုက်ချောင်းမှ တူးမြောင်းတူးပြီး စစ်တောင်းမြစ်နဲ့ ရေလမ်းခရီးသွားလာရအောင် အစီအစဉ်ရှိတယ်လို့ ဒေသခံတွေထံက ကြားရတယ်။ ၀န်ကြီးဌာနများ အားလုံးက နေပြည်တော်မှာရှိတာကြောင့် ၀န်ထမ်းများနဲ့ စီးပွားရေးသမားများ အ၀င်အထွက်များတဲ့ အခြေအနေမှာ ရှိသော်လည်း ရန်ကုန်မြို့လိုတော့ နေထိုင်လို့မကောင်းလို့ စိတ်ထဲ ထင်ပါတယ်။ ပျဉ်းမနားမြို့ထွက် မျှစ်ချဉ်နဲ့ နန်းစိန်ကိတ်မုန့် အိမ်အပြန်လက်ဆောင် ၀ယ်ခဲ့တယ်။

မိုးပျံငှက်

Monday, November 8, 2010

ဒီရက်ပိုင်း လုပ်ဖြစ်နေတာလေးတွေ


4'x3' ဆိုဒ်အတော်အသင့်ရှိတဲ့ ပန်းချီကားကြီးကြီးတွေ ချကြည့်တယ်။
လုပ်ချင်ရာ လုပ်နေရရင် စိတ်ကျေနပ်နေတာပါပဲ။ Election ကလည်း
ပြီးဆုံးသွားပြီ။ နောင် ၅ နှစ်မှာ ဘာတွေဖြစ်လာမလဲ ကျွန်တော်မသိ။
လောလောဆယ် ကျွန်တော်တို့ ဘာတွေလုပ်နိုင်လဲ ။ ဘာတွေ လုပ်ပြီးခဲ့ပြီလဲ။
မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေမှ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။
မိုးပျံငှက်

Wednesday, November 3, 2010

၁၉ လမ်း ညနေခင်း

 
၁၉ ရာစုအတွေးအခေါ်တွေနဲ့ ၁၉ လမ်းမှာထိုင်ပြီးလွမ်းနေတာ ဘယ်သူတွေလဲ။
၂၀ ရာစုနှောင်းပိုင်းမှာ မွေး ၊ ၂၁ ရာစုမှာ နေထိုင်နေပေတဲ့ခေတ်ကြီးနဲ့ ဆီလျော်လိုက်ဖက်အောင် မပြောင်းလဲနိုင်သေး။ တစ်စုံတရာကို မျှော်လင့် နေတုန်းမသေချာသော အနာဂတ်ပတ်ဝန်းကျင်ကတော့ တစ်ဖျတ်ဖျတ် ပြောင်းပြောင်းသွား။ သူငယ်ချင်း ငါတို့ မတွေ့ကြတာကြာ။မင်း ပြန်လာတိုင်း ငါတို့ ဒီမှာ ဆုံကြ။မနှစ်ကလည်း ဒီလို ညနေခင်းပဲ။
ပြီးတော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာပဲ။ 
စစ်ကြီးသားတွေ အကြောင်း ၊ ဇော်ကြီး မင်္ဂလာဆောင်တုန်းက အကြောင်း ၊ကျောင်းတုန်းက ဘီယာမသောက်တတ်တဲ့ ကောင်က အခု စလုံးမှာ အကြိုက်မော့နေတဲ့ အကြောင်း ၊ရွာအကြောင်း မြို့ကြီးပြကြီး အကြောင်း...............
မိုးပျံငှက်
3 November  2010

Friday, October 1, 2010

အိမ်မက်ထဲက မြို့တော်
















အဲဒီမြို့လေးကို ကျွန်တော်သွားချင်နေခဲ့တာ ကြာပါပြီ။ ဒီတစ်ခေါက်တော့ မဖြစ်ဖြစ်အောင် အရောက်သွားခဲ့ပါတယ်။ တစ်စုံတစ်ရာက ကျွန်တော့်ကို သွားဖို့ ဆွဲဆောင်နေသလို ခံစားရတယ်။ အခု အိမ်မက်ထဲက စိတ်ကူးထဲက အဲဒီမြို့လေးကို ကျွန်တော် ခြေချနိုင်ခဲ့ပါပြီ။

မေမြို့လို့ အရင်က ခေါ်တဲ့ ပြင်ဦးလွင်မြို့က အမြင့်ပေ - ၃၅၃၈ ပေ ရှိပြီး အေးမြလှပတဲ့ ပန်းမြို့တော်လည်း ဖြစ်ပါတယ်။ မန္တလေး ၃၅ လမ်းထိပ်ကနေ ပြင်ဦးလွင်သွားတဲ့ လိုင်းကားလေးတွေရှိပါတယ်။ ဘုရားကြီး အရှေ့ဘက်မုဒ်က စထွက်လာတဲ့ ပိတ်ချင်းမြောင်တိုက်ရိုက်သွားတဲ့ ကားနဲ့ ကျွန်တော်လိုက်သွားခဲ့ပါတယ်။  

ကားလေးရဲ့ခေါင်မိုးပေါ်က စီးပြီး သီချင်းလေးနားထောင် ရှုခင်းခင်းတွေကြည့်ပြီး ကင်မရာလေး တစ်ကိုင်ကိုင်နဲ့ပေါ့။ ၂၁ မိုင် မှာ ကားနားတော့ ပြည့်သူ့မေတ္တာတို့ ပြည့်သူ့ အလင်းရောင်တို့ စားသောက်ဆိုင်တွေတွေ့တယ်။ ၂၁ မိုင်ကျေးရွာလေးက ၄၂ မိုင်ဝေးတဲ့ မန္တလေးနဲ့ မေမြို့ကြားက ရွာလေးပါ။

လမ်းအတက်အဆင်းတွေက ၂၁ မိုင်ရွာလေး မရောက်မှီနဲ့ အလွန်မှာရှိပါတယ်။ ၆ ထပ်ကွေ့ပြီးရင်တော့ အတက်အဆင်းက ပြေပြစ်ပါတယ်။ လားရှိုး ၊ မူဆယ်ကားတွေလည်း ဒီလမ်းကပဲ ဖြတ်ကြတာပါ။

ပိတ်ချင်းမြောင်သွားတဲ့ လမ်းပေါ်မှာ ရှိတဲ့ မဟာအံထူးကံသာဘုရားကို အသွားဝင်ဖူးပြီး ပိတ်ချင်းမြောင်ကို ဆက်သွားပါတယ်။ အဲဒီမှာ နေ့လည်စာစားပြီး လိုဏ်ဂူထဲဝင် ၁၂း ၃၀ နာရီမှာ ပြန်ထွက်လာခဲ့ပါတယ်။ အပြန်လမ်း ပွဲကောက် ရေတံခွန်ဝင် ပါတယ်။ ရေဆင်းချိုးချင်ပါသော်လည်း ဘောင်းဘီအတို မပါလို့ ရေထဲမဆင်းဖြစ်ခဲ့။ ဘုရားကို ထပ်မ၀င်တော့ပါ။ အဲဒီနောက် တရုတ်ဘုံကျောင်းကို သွားလေ့လာပြီး အမျိုးသားကန်တော်ကြီးကို ဆက်သွားခဲ့တယ်။ ကန်တော်ကြီးက လူကြီးဝင်ကြေး ၁၀၀၀ ကျပ် ၊ ခလေး ၅၀၀ ကျပ် ပေးရပါတယ်။ ဧကပေါင်း ၄၀၀ ရာကျော်ရှိတာမို့ နေရာစုံတော့ မရောက်နိုင်ခဲ့ပါ။ သစ်ခွခြံ ၊ လိပ်ပြာပြတိုက် ၊ ထင်းရှုတော လျှောက်ပြီး ခြေညောင်းနေပြီမို့ မြက်ခင်းပြင်ပေါ်မှာပဲ ထိုင်ချလိုက်ပါတော့တယ်။ နန်းမြင့်မျှော်စင်က ပြန်လာတဲ့ အတူခရီးသွားတွေကို တွေ့ပါတယ်။ ၃း၃၀ နာရီခန့် ကန်တော်ကြီးကနေ ပြန်ထွက်လာခဲ့ပါတယ်။ အပြန် အနီးစခန်း အနီးမှာ ရှိတဲ့ နှီးဘုရားကို ၀င်ရောက်ဖူးမျှော်ကြပါတယ်။ ပတ်ဝန်းကျင်တစ်ခွင်က တောင်းကုန်းတောင်တန်းတွေဝိုင်းနေတဲ့ ရှုမျှော်ခင်းတွေ တစ်ဝကြည့်ရတယ်။ အပြန်မှာလည်း ၂၁ မိုင်မှာ ခဏ၀င်နားပြီး မန္တလေးကို ပြန်ဆင်းလာခဲ့ပါတယ်။ ။

မိုးပျံငှက်

Wednesday, September 29, 2010

စစ်ကိုင်းတောင်သို့










မိုးက အုံ့နေပေတဲ့ နေကလည်း အပူသားဗျ။ စစ်ကိုင်းဘက်လည်း
ရောက်တုန်းရောက်ခိုက် သွားဦးမှဆိုပြီး အလုပ်က အချိန်နှစ်နာရီလောက်ရတာနဲ့
ဆိုင်ကယ်နဲ့ ထွက်ခဲ့တယ်။ စစ်ကိုင်တံတား အဟောင်းနဲ့ ရတနာပုံတံတားအသစ်
နှစ်ခုလုံး အသုံးပြုလို့ရတယ်။ ဟိုဘက်ကမ်းကို မန္တလေးကနေ
တစ်နာရီလောက်သွားပြီးတော့ ရောက်သွားတယ်။ တောင်ပေါ်ထိ ကားလမ်းပေါက်တယ်။
အရင်က ခြေကျင်တက်ကြရတဲ့ တန်ဆောင်းတန်းလေးတွေက အမြင့်ကနေကြည့်ရင်
အတော်လှတယ်။ ဆွမ်းဦးပုညရှင်ဘုရားဘူးမျှော်ပြီး အေးအေးဆေးဆေးတောင်
မနေအားဘူး အလုပ်ရှိသေးတာနဲ့ ပြန်လာခဲ့ရတယ်။ မင်းကွန်းကို
ဆက်သွားရင်နောက်ထပ်နာရီဝက်လောက် ကြာဦးမှာဆိုတော့ ဒီတခေါက်တော့
မရောက်ဖြစ်ခဲ့သေးပါဘူး။         ။

မိုးပျံငှက်

Tuesday, September 28, 2010

ကျောက်ဆည်မြို့သို့ ရောက်ခဲ့စဉ်















ကျောက်ဆည်မြို့မှ ကြိုဆိုပါ၏

ဝေဘူတောင်ပေါ်မှ မြင်ကွင်းများ

မန္တလေးကနေ ကျောက်ဆည်ကို အလုပ်ကိစ္စနဲ့ သွားရင်း အပြန်မှာ ဝေဘူတောင်ကို ရောက်ခဲ့တယ်။ ရူးခင်းတွေ အတော်လှတယ်။  ဘဲလင်းတောင်တန်းကို လှမ်းမျှော်ကြည့်လို့ရသလို တစ်မြို့လုံးကို အပေါ်စီးက မြင်နေရတယ်။ ကျောက်ဆည်ကို ဆင်အကနဲ့ တွဲမှတ်မိနေပါတယ်။ လမ်းတစ်လျှောက် ရွှေသိမ်တော် ၊ ပေါ်တော်မူ ၊ လာဘမုနိမြွေဘုရားတွေ ၀င်ရောက်ဖူးမျှော်ခဲ့တယ်။ စဉ့်ကိုင် ၊ ပလိပ် နဲ့ ဒုဒ္ဓ၀တီမြစ်ကို အဝေးပြေးလမ်းမကြီးအတိုင်း ဖြတ်ပြီး
ညနေမှာတော့ မန္တလေးကို ပြန်ရောက်ခဲ့ပါတယ်။   ။ 


မိုးပျံငှက်

Wednesday, September 22, 2010

ပြည်လမ်းမကြီးပေါ် မိုးရေတွေနဲ့အတူ စီးဆင်းသွားသောကဗျာ


တစ်နေ့ နေ့ မော်ဒန်မြို့ကြီးနဲ့ အသားကျလာလိမ့်မယ် တစ်နေ့ နေ့
ရန်ကုန်မှာ လိုင်းကားတွေ ချောင်လာလိမ့်မယ် တစ်နေ့ နေ့ ငါ့ချစ်သူ
အဝေးတစ်နေရာက ပြန်လာလိမ့်မယ် တစ်နေ့ နေ့ ငါ့ချစ်သူက ငါ့ကိုနားလည်လာမယ့်
တစ်နေ့ နေ့ ရောက်လာလိမ့်မယ် တစ်နေ့ နေ့ ပြည်လမ်းမကြီးပေါ် တစ်မိုးအောက်အတူ
ထီးစောင်းသွားတဲ့ ချစ်သူစုံတွဲလေးလို ပျော်ရွှင်လိမ့်မယ် တစ်နေ့ နေ့
ငါထီပေါက်ကောင်း ထီပေါက်လိမ့်မယ် တစ်နေ့ နေ့ သူငယ်ချင်းကဗျာဆရာတွေကို
နိုင်ငံခြားအရက်တိုက်ကောင်းတိုက်နိုင်လိမ့်မယ် တစ်နေ့ နေ့ ငါ့ကို
မုန်းတီးသူတွေက ချစ်ခင်လာလိမ့်မယ် တစ်နေ့ နေ့ ငါ့ငယ်ဘ၀လို
စိတ်အားငယ်နေတဲ့ ကလေးငယ်တွေ ပပျောက်သွားလိမ့်မယ် တစ်နေ့ နေ့
ခြေသလုံးအိမ်တိုင် အိမ်ဝေးတစ်ယောက် မိသားစုအိမ်ကလေးဆီ
ပြန်ရောက်သွားလိမ့်မယ် တစ်နေ့ နေ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံပြီး
တစ်နေ့ နေ့ နှုတ်ဆက်ထွက်ခွာသွားလိမ့်မယ် တစ်နေ့ နေ့ ငါဆွဲလက်စ
ပန်းချီကားအကြီးကြီး ပြီးဆုံးသွားလိမ့်မယ် တစ်နေ့ နေ့ ငါ့မုတ်ဆိတ်မွေးတွေ
ရှည်လာ ဖြူလာလိမ့်မယ် တစ်နေ့ နေ့ ကဗျာကောင်းတစ်ပုဒ်ကို ငါ
ဖွဲ့သီနိုင်လိမ့်မယ် တစ်နေ့ နေ့ ဝေဖန်ရေးဆရာတွေ မရှိတဲ့နေ့
ရောက်လာလိမ့်မယ် တစ်နေ့ နေ့ မရေရာတဲ့ နေ့တွေ သေချာလာမယ့် တစ်နေ့ နေ့
ဒီလိုနဲ့ တစ်နေ့ပြီး တစ်နေ့ တစ်လပြီး တစ်လ တစ်နှစ်ပြီး တစ်နှစ် တစ်နေ့
နေ့ သေခြင်းတရားက သေသေချာချာ ရောက်လာလိမ့်မယ် တစ်နေ့ နေ့ တစ်နေ့ နေ့

မိုးပျံငှက်

Monday, August 16, 2010

ကာရက်တာမတူတဲ့ ဇာတ်မှာ နှစ်ကိုခွဲ သရုပ်ဆောင်နေတဲ့ ငါ


တနင်္လာ ၊ သောကြာ
မိုးပျံငှက်ဟာ မစားချင်ပဲ ထမင်းကြော်စောစောစားရ
ကိန်းဂဏန်းတွေနဲ့ ဈေးစကားပြောရ
အပြုံးတုတွေနဲ့ သွားဖြဲပြရ
မျက်နှာလို မျက်နှာရဖားတဲ့ ဇာတ်ပို့ တွေနဲ့
သတ်ကွင်းထဲမှာ ကျားရဲတစ်ကောင်မဖြစ်ရင်တော့ ရှုံးနိမ့်မှာပဲ….။
စနေ ၊ တနင်္ဂနွေ
အိပ်ရာထချင်တဲ့ အချိန်မှထ ၊ ဆာတဲ့အချိန် စားတယ်
အရောင်တွေ စကားလုံးတွေနဲ့ ကစားတယ်
တစ်ခါတစ်လေ ဘယ်မီဒီယမ်မှ စိတ်တိုင်းမကျ
မြင်မြင်သမျှ Installation Art ပဲ
စိတ်လိုလက်ရ လမ်းလျှောက်တာတောင်
Performance Art လို့ စိတ်ကြီးဝင်နေတဲ့
အူကြောင်ကြောင် ငနဲပဲ
ရသကိုးမျိုးမှာ ဘယ်နှစ်မျိုးသုံးဆောင်ပြီးပြီလဲ
ဒီကာရက်တာ မတူတဲ့ ဇာတ်မှာ
နေရာမှား သရုပ်မဆောင်မိဖို့ ကြိုးစားရှာနေတဲ့
လူသားပီသချင်တဲ့ စက်ရုပ်ပဲ………။ ။
မိုးပျံငှက်

Thursday, August 5, 2010

နေမျိုးရဲ့မော်ဒန်ဝတ္ထု

'' ၀က်သစ်ချပင်ကြီးရဲ့ အဝေးမှာ''
 

ဘုရင်မရှိတဲ့ တိုင်းပြည်မှာ တိုင်းပြည်မရှိတဲ့ ဘုရင်တစ်ပါးရောက်လာသလို ဒီမြို့ကို ကျွန်တော်ရောက် လာခဲ့တယ်။ လမ်းပေါ်မှာ ခွေးတစ်ကောင်အူနေတယ်။ ဟောဒီ နေစကြာဝဠာကြီးထဲမှာ အလွန်ကြီးမားတဲ့ အင်အားတစ်ရပ် ရှိပြီး အဲဒီအင်အားတွေဟာ ကျွန်တော်နဲ့ လမ်းပေါ်မှာအူနေတဲ့ ခွေးဆီ တစ်ချို့တစ်ဝက် ရောက်ရှိနေတယ်လို့ ကျွန်တော်ခံစားရတယ်။ ဟောဟိုက အထပ်ခုနှစ်ထပ်ရှိတဲ့ အဆောက်အဦးကြီးရဲ့ အပေါ်ဆုံးထပ်မှာ အိပ်စက်နေသူ မိန်းမပျိုတစ်ဦးရဲ့ အိပ်ခန်းထဲမှာ တည်နေတဲ့ အ၀ါရောင်နှင်းဆီပွင့် ထဲမှာလည်း အဲဒီအင်အားတွေဟာ သက်ရောက်တည်ရှိ ဖူးပွင့်နေတာပေါ့။ ကျွန်တော်မမြင်ရတဲ့နေရာမှာ သစ်ရွက်တွေ ကြွေနေလိမ့်မယ်။ အင်္ဂါဂြိုလ်ပေါ်မှာ သစ်ရွက်မကြွေတဲ့နေ့တစ်နေ့ဆိုတာ ရှိကောင်းရှိနိုင်ပေမယ့် ကမ္ဘာမြေပေါ်မှာတော့ သစ်ရွက်မကြွေတဲ့ နေ့တစ်နေ့ဆိုတာ မရှိနိုင်ပါဘူး။ တစ်နေရာရာမှာ သစ်ရွက်တွေ ကြွေနေပါလိမ့်မယ်။ အဲဒီသစ်ရွက်ဟာ ကျွန်တော်မမြင်ဖူးသေးတဲ့ ၀က်သစ်ချရွက်တော့ ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် ၀က်သစ်ချပင်ကြီးဟာ အရွက်တွေကြွေနေပြီဆိုတဲ့ သံကြိုးစာ ကျွန်တော်ဆီ ရောက်လာတယ်။ ကျွန်တော်က အဲဒီသံကြိုးစာကို ဆုတ်ဖြဲပြီး လေထဲကို လွှင့်ပစ်လိုက်တော့ စက္ကူစုတ်တွေဟာ ၀က်သစ်ချပင်ကြီး အရွက်တွေ ကြွေသလို တလွင့်လွင့်ပျံဝဲသွားကြတယ်။ လူတို့ ဝေါဟာရအလိုအားဖြင့် ဖော်ပြလို့ မရနိုင်တဲ့အရာတွေဆီကို ကျွန်တော်မတော်တဆရောက်သွားတတ်တယ်။ အဲဒီနေရာ အဲဒီအရာတွေဆီ ထပ်ပြီး ကျွန်တော်မ ရောက်ချင်တော့ဘူး။ ဝေးနိုင်သမျ ဝေးဝေးကိုပဲ ကျွန်တော်ထွက်ခွာလာခဲ့တယ်။ ဒါပေမယ့် အဝေးဆုံးကို ရောက်ဖို့ဆိုရင် ''အရွေ့စွမ်းအင်ကို''ကို သုံးလို့ အချည်းအနှီးပဲဆိုတာ ကျွန်တော်သိသိလာတယ်။ သိသိချင်းပဲ ကျွန်တော်ရပ်နေလိုက်တယ်။ ဒီအချိန်မှာ လှပချောင်းမောတဲ့ အမျိုးသမီးတစ်ယောက်ဟာ ပြန်လာခဲ့တော့ဆိုတဲ့ အက္ခရာတွေကို ချရေးနေပြီလား ပြောပြစမ်းပါ။ တကယ်တော့ တိုင်းပြည်မရှိတဲ့ ဘုရားတစ်ပါးဟာ သာမန်လူတစ်ယောက်နဲ့ အတူတူပါပဲ။ သူဟာ သာမန်လူတစ်ယောက်ထက်ထူးခြားတာဆိုလို့ စိတ်ကြီးဝင်နေတာနဲ့ လေလွင့်နေတာပဲ ရှိနေလိမ့်မယ်။ ကျွန်တော်ဟာ တိုက်ခတ်နေတဲ့ လေထဲမှာ ကိုယ့်ကိုယ်ကို လွင့်ပါမသွားအောင် ထိန်းရင်းရပ်နေတာပါ။ ရွေ့လျားတိုင်းပြည်ဆိုတာကတော့ နေစကြာဝဠာကြီးရဲ့ အပြင်ဘက်မှာပဲ ရှိကောင်းရှိနိုင်တာမျိုးပါ။ ရပ်နေမယ့်အစား နေစကြာဝဠာရဲ့ အပြင်ဘက်ကို ထွက်ခွာသွားသင့်ပါသလား။ လမ်းပေါ်က ခွေးဟာ သူ့လည်ပင်းကို ဆွဲဆန့်ပြီး နောက်တစ်ကြိမ်ထပ်ကာ အူလိုက်တယ်။ အူသံဟာ လေထဲမှာ တုန်ခါပြီး အရပ်ရှစ်မျက်နှာကို ပျံ့နှံ့သွားတယ်။ ကျွန်တော်ဟာ အခုရောက်နေတဲ့ မြို့အမည်ကို မသိဘူး။ ''အမည်မသိတဲ့မြို့'' မှာ ကျွန်တော်ဟာ အဖော်မွန်ကောင်းတစ်ယောက်နဲ့ ဆုံနိုင်ဖို့ မမျော်လင့်ပါဘူး။ တောကြီးမျက်မည်းထဲမှာ ၀ံပုလွေတွေ ပြေးနေကြတာကို ကျွန်တော်မြင်ယောင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရင်မရှိတဲ့ တိုင်းပြည်ဟာ တောကြီးမျက်မည်းနဲ့ အတူတူပဲ မဟုတ်လား။ ၀ံပုလွေတွေက အငမ်းမရ ပြေးနေကြပြိး ယုန်ကလေးတွေက အထိတ်တလန့်ပုန်းအောင်းနေကြရတဲ့ ဒေသတစ်ခုလေ။ တောရိပ်တောင်ရိပ်တွေက အရာရာကိုရောထွေးပစ်တဲ့ နေရာဒေသတစ်ခုပေါ့။ ဒါပေမယ့် ထင်မြင်ယူဆချက်တိုင်းဟာ အခါခပ်သိမ်းနေရာတိုင်းမှာ မမှန်နိုင်ကြဘူး။ ကျွန်တော် 'ဟိုတယ်' တစ်ခုထဲကို ၀င်ရောက်သွားတော့ အားလုံးဟာ အရိုအသေပြုကာ အလေးအနက်ပဲ ကြိုဆိုကြတယ်။ သူတို့ကို ကျွန်တော်မသိသလို ကျွန်တော်ဟာလည်း သူတို့အဖို့ သူစိမ်းတစ်ယောက်ပါ။ ဒါကြောင့်ပဲ သူတို့ဟာ ကျွန်တော်ကို တစ်ခမ်းတစ်နားကြိုဆိုကြတာပေါ့။ ဘုရင်တစ်ပါးကို ကြိုဆိုကြသလိုလေ။ အကြောင်းကတော့ ဒီမြို့မှာမသိခြင်းဖြင့် ဂုဏ်ယူပါဆိုတဲ့ ဆောင်ပုဒ်အလွန်ခေတ်စားနေတဲ့အချိန်ဖြစ်နေလို့ပါပဲ။ ဟိုတယ်က ကျွန်တော့်ကို အထူးအရေးကြီး ဧည့်သည်တစ်ယောက်အဖြစ် ကြိုဆိုခဲ့တယ်။ လက်ခံခဲ့တယ်။ ဒီဟိုတယ်မှာ ကျွန်တော်အတွက် တည်းခိုစရိတ်၊ သွားလာစရိတ် အစစအရာရာကျခံဖို့အတွက် ဘာများအလုံအလောက်ပါလာခဲ့ပါသလဲ လို့ သူတို့က မေးတော့ ကျွန်တော်က အမှန်အတိုင်းပဲ ဖြေလိုက်တယ်။ သူတို့က ကျွန်တော်အဖြေကို ကျေကျေနပ်နပ်ပဲ လက်ခံလိုက်ကြပါတယ်။ အခန်းထဲက ခုတင်မှာ ကျွန်တော်လှဲချလိုက်ပြီး သိပ်မကြာခင်ပဲ စွပ်ပြုတ်တစ်ပွဲရောက်လာခဲ့တယ်။ စွပ်ပြုတ်ဟာ အငွေ့တစ်ထောင်းထောင်းနဲ့ အနံ့က ကျွန်တော်ဇာတိကို သတိရစေတယ်။ ပြီးတော့ ဖြူဆွတ်ဆွတ် ပေါင်မုန့်တစ်လုံး၊ အဲဒီ အဖြူရောင်ပေါင်မုန့်ကတော့နောက်တစ်ကြိမ်ထပ်မံမရနိုင်တော့တဲ့ အမျိုးအစားတစ်ခုပါ။ ညစာကို စားသောက်ပြီးတော့ ခုတင်ပေါ်မှာ ကျွန်တော်တစ်ရေးအိပ်ပျော်သွားတယ်။ ကျွန်တော် အိပ်ပျော်နေစဉ်မှာ ကျွန်တော်ဆီကို ၀က်သစ်ချပင်ကြီးက အရွက်တွေကြွေနေပြီဆိုတဲ့ သံကြိုးစာတွေ တစ်စောင်ပြီးတစ်စောင် ၀င်လာနေတယ်လို့ ဆိုပါတယ်။ ကျွန်တော် နိုးလာတော့ အခန်းထဲမှာ အမျိုးသမီးတစ်ယောက် ရောက်နေတယ်။ သူမဟာ ကျွန်တော် လဲလျောင်းနေတဲ့ ခုတင်ရဲ့ တစ်ဖက်မှာရှိတဲ့ စားပွဲမှာ ထိုင်နေတယ်။ သူမက ကျွန်တော့်ကို စကား စ တင်မပြောပါဘူး။ ကျွန်တော်ကလည်း သူမကို ကြည့်ပြီး  ဘာစပြောရမှန်းမသိပါဘူး။ ကျွန်တော်က ပိတ်ထားတဲ့ ပြတင်းပေါက်ကို ဖွင့်ပြီး လှမ်းကြည့်လိုက်တယ်။ လမ်းပေါ်မှာ ဘီယာစည်တွေ တင်ဆောင်ထားတဲ့ ထရပ်ကားကြီးတွေ သွားလာနေကြတယ်။ လမ်းမီးတွေက မလင်းသေးဘူး။ အလင်းရောင်ကတော့ အားနည်းစပြုနေပြီ။ လမ်းပေါ်မှာ လည်ပင်းကို ဆွဲဆန့်ပြီး သံရှည်ဆွဲကာ အူနေတဲ့ ခွေးတစ်ကောင်ကို မြင်တွေ့ရလေဦးမလားလို့ကျွန်တော်က ကြည့်မိတယ်။
မတွေ့ရတော့ပါဘူး။ အဲဒီနောက်မှာတော့ ကျွန်တော်ပြတင်းပေါက်ကို ပြန်ပိတ်လိုက်တယ်။ အမျိုးသမီးကို မျက်နှာချင်းဆိုင်လိုက်ပြီး ''ခင်ဗျား ဒီမှာ ရှိနေတာကို ကျွန်တော်သဘောကျပါတယ်'' လို့ ပြောလိုက်တယ်။ သူမက ကျွန်တော့်အနားကို တိုးကပ်လာပြီး '' ကျွန်မတို့ ဒီဟိုတယ်နဲ့ ဒီမြို့က ဝေးနိုင်သမျဝေးဝေးကို သွားကြမှဖြစ်မယ်'' လို့ လေသံတိုးတိုးနဲ့ ဆိုလိုက်တယ်။ ချက်ချင်းပဲ ကျွန်တော်က '' ဝေးနိုင်သမျ ဝေးဝေးကို သွားဖို့ဆိုရင် အရွေ့စွမ်းအင်ဟာ အလကားပဲ'' လို့ပြောပြီး သူမနဲ့ အတူ အိပ်စက်လိုက်ပါတယ်။ အပြင်ဘက်မှာ မိုးတပေါက်ပေါက်ကျသံကို သဲ့သဲ့ကြားရတယ်။ ကျွန်တော်အိပ်နေပြီလို့လည်း  သံကြိုးစာတစ် စောင်ရိုက်လိုက်ပါတယ်။ ဘယ်သူ့ဆီကိုလဲဆိုတော့ နေစကြာဝဠာရဲ့ အပြင်ဘက်ကို ရောက်သွားချင် လည်း ရောက်သွားမှာပေါ့  ။                   ။
နေမျိုး
(မှတ်ချက်။        ။ ကျွန်တော်ကြိုက်လို့ ၃၀.၆.၂၀၀၃ ကဖတ်ခဲ့တဲ့ ၀ထ္တုတိုကို ရင်ဘတ်ထဲမှာ သိမ်းထားခဲ့ပါတယ်...အလွန်ကြီးမားတဲ့ အင်အားတစ်ရပ် ဆိုတာ ဘာလဲ။ အမည်မသိတဲ့မြို့ ဆိုတာ ဘာလဲ။ 'ဟိုတယ်' ဆိုတာ ဘာလဲ။ ဘီယာစည် လမ်းမီး သံကြိုးစာ စဉ်းစားကြည့်ပါဗျာ။ )                                                                                                                              

Tuesday, July 27, 2010

အနီနဲ့ အနက်

ပိုက်ဆံဟာ လူရိုင်းခေါင်းနဲ့လား
ပိုက်ဆံဟာ ဘုရင့်ခေါင်းနဲ့လား
ပိုက်ဆံဟာ တိရိစ္ဆာန်ခေါင်းနဲ့လား
ပိုက်ဆံဟာ ဂုဏ်သိက္ခာကို ရောင်းဝယ်ဖောက်ကားသလား
ပိုက်ဆံဟာ ချစ်ခြင်းမေတ္တာကို ၀ယ်ယူနိုင်သလား
ပိုက်ဆံဟာ မိသားစုဘ၀ကို ဖန်တီးသလား
ပိုက်ဆံဟာ မိသားစုဘ၀ကို ဖျက်စီးသလား
ပိုက်ဆံဟာ လူတိုင်း သည်းချေကြိုက်လား
ပိုက်ဆံဟာ ဘ၀တွေကို ဝေးသွားစေသလား
ပိုက်ဆံဟာ ဘ၀တွေကို နီးလာစေသလား
ပိုက်ဆံဟာ ဘ၀တွေကို တည်ဆောက်သလား
ပိုက်ဆံဟာ ဘ၀တွေကို လွင့်စင်ထွက်သွားသလား
ပိုက်ဆံဟာ ဒူးထောက်စေသလား
ပိုက်ဆံဟာ ခေါင်းမော့စေသလား
ပိုက်ဆံဟာ ရိုးသားပွင့်လင်းသလား
ပိုက်ဆံဟာ ကောက်ကျစ်စဉ်းလဲသလား
ပိုက်ဆံဟာ မိတ်ဆွေဖြစ်တယ်
ပိုက်ဆံဟာ ရန်သူဖြစ်တယ်
ပိုက်ဆံဟာ အချစ်မိုးကောင်းကင်ဖြစ်တယ်
ပိုက်ဆံဟာ ကိုယ့်သွေးကိုယ်ဖောက်ရောင်းရတယ်
ပိုက်ဆံဟာ ဆင်းရဲ ချမ်းသာ ပေတံဖြစ်တယ်
ပိုက်ဆံဟာ သံသယလက်နက် ဖြစ်တယ်
ပိုက်ဆံဟာ ဒုတိယ ဘုရားသခင် ဖြစ်တယ်
ပင်လယ်ရေက သောက်လို့ မကုန်ပါဘူး ကိုယ့်လူ
အသုံးမ၀င်တဲ့ စပါယ်ရှယ် စက္ကူတွေကြားမှာ
ခင်ဗျား အမှန်တရားကို တွေ့ရှိနိုင်ပါစေ။                    ။

မိုးပျံငှက်