မျက်နှာကို ဖုန်မိတ်ကပ်နည်းနည်းဖို့
နာကျည်းစွာ ပါးရိုက်ခံနေရ
ချိုမြတဲ့ အရသာတစ်စက်မှမရှိ
မြေပဲယို လမ်းမကြီးဟာ
ဆက်သွယ်ရေး လည်ချောင်းဝမှာတစ်ဆို့
အဲဒီမြို့………………
တယ်လီဖုန်း လျှာပြတ်တွေနဲ့
လျှပ်စစ်ကောင်းကင်ကြိုး ပင့်ကူအိမ်တွေမှာ
အတ္တကြီးသူ စားကြွင်းစားကျန် ငါးရိုးတွေချိတ်လို့
အဲဒီမြို့ …………..
ရှေးဟောင်း မွန်လူမျိုးနွယ်စုတွေအခြေချခဲ့
စစ်ရေးရာဆင်ကျုံး ၊ မြင်းကျုံး ၊ နှစ်ထပ်ကျုံးနဲ့
နယ်ချဲ့သွေးကို သောက်ခဲ့ ဆိပ်ကမ်းနယ်ကောင်း
ရေးကြောင်းသွားလာ အထစ်တစ်ရာစီလျက်
ကမ်းတက်ကျွန်းလုံး လှေခါးထစ်တွေနဲ့တပ်မြို့
ခုတော့လဲ
မြစ်ရေတိုက်စား
သူ့သွားတွေ ကျိုးပဲ့ခဲ့တဲ့မြို့
အဲဒီမြို့ …………….
သူ့ ခန္ဓာကိုယ်ထဲစီးမျော
သွေးကြောတစ်ခုလည်းရှိပါ့
ကျွဲချိုမှုတ်သံတွေကြားရ
တဖက်ကမ်း သောင်ပုရစ်တွေ သယ်လာတဲ့
ရာသီစာ ကုန်စိမ်းတွေ သူ့ခေါင်းပေါ်တင်လို့
နှစ်ထပ်သင်္ဘောလေးသာ
ထက်အောက်စုန်ဆန်မပြေးရင်
လူမသိ သူမသိ တိတ်တိတ်စော်ကားခံရ
အပျိုရည်ပျက်စ ကောင်မလေးလို
ရှက်လို့
အဲဒီမြို့ ………
ထိလိုက်ရင်ခွေ ထိကရုန်းတွေ
ခြုံနွယ်ပိတ်ပေါင်းတွေထဲက
ရှေးဟောင်းသမိုင်းဝင် ဘုရားလေးငါးဆူ
သူ့လည်ပင်းမှာဆွဲလို့
ရိုးရာလက်ဖွဲ့ နတ်နန်းနှစ်ခုကိုလဲချိတ်လို့
သူ့ရင်အုံကျယ်ကျယ်ကြီးကို ကျားသစ်ကုတ်
ထယ်ကြောင်းရာတွေ ဗရပွနဲ့
ငဘဆွေမျိုးသားချင်းတွေ
မြေကြီးကို ရွှေဖြစ်အောင် အဂ္ဂိရတ်ထိုးကြ
လုံကွဲပွပွထဲမှာ ဖွဲပြာတွေဖြစ်လို့
အဲဒီမြို့ …………
အုပ်လုံးသိမ်းစ ထန်းပင်ညိုညို
ပျားရည်လိုချိုအောင် ကျိုချက်သောက်ကြ
အဆိပ်မဲ့ ပုရွတ်တွေ
ထန်းလျက်ခဲတွေ ချီမသယ်ပိုးလာကြ
ကွမ်းခြံကုန်းရွာ တောချက်အရက်
ဓါတ်ဆီနဲ့ပက်သလို ဟုန်းခနဲမီးတောက်ထ
ရင်ကွဲရုံကလေးရဲ့ ကြေကွဲမှုတစ်စ
ခုတော့လည်း ဘာမှမသိသလို
အပေါစား လက်ခုပ်သံတွေဆူညံ
ဟန်ဆောင်ကောင်းတဲ့မြို့
အဲဒီမြို့ …………..
ရဲလူထွက်အဘိုးကြီးရဲ့ သံဖြူဆိုင်
သွပ်တိုသွပ်စ သုံးမရတဲ့ ပစ္စည်းပုံထဲမှာ
သံချေးတက် ပုံးစုတ်ဟောင်းတစ်ခုလို
တွန့်လိမ်ပျော့ခွေရွဲ့စောင်း လဲလျောင်းလို့
အဲဒီမြို့ ……………
ဖိနပ်မပါတဲ့ ခြေထောက်တွေ
မီးခဲပြင် သူ့ ကျောပေါ်မှာ ခုန်စွ ခုန်စွခုန်လို့
ချော်ရည်သောက် တဲအိမ်မှိန်ဖျော့ဖျော့တွေ
သူ့ဗိုက်ပေါ်မှာ ပြားကပ်စီးပေလို့
လောကဓံထုံဆေးနဲ့
အေးစက် ဘောင်ကျဉ်းခတ်ထားတဲ့မြို့
အဲဒီမြို့ ……………
ဆံသဆိုင် လေးထဲက
လွမ်းစရာကောင်းတဲ့ တယောသံလေးရေ
နာရီသေတွေကို ပုခုံးပုတ်လှုပ်နှိုး
မိရိုးဖလာ လှည်းလမ်းကြောင်းထဲက ကုန်းရုန်းထ
ရဲကင်းထဲက နာရီထိုးသံကြားရ
မသေချာတာတွေ မော့ချ
ထန်းရည်ခါးခါးနဲ့ ဒုစရိုက်တွေ ပွေ့ပိုက်လို့
အဲဒီမြို့ …………..
ခုတော့လဲ
သူ့ရင်ထဲက
အောက်သိုးချဉ်စော်နံ စာရိတ္တတွေအန်ချ
အဲဒီမြို့ကို
သန့်ပြန့်အောင် ရေချိုး ရိုးသားမှုတွေပေးဆပ်
ကမ်းစပ်အောင်စခန်းသာ လက်ဖက်ရည်ဆိုင်မှာ
ထိုင်နေတာ
စကြ၀ဠာကို အရေခွံလဲနိုင်တဲ့
အဲဒီမြို့ရဲ့ ကဗျာဆရာပဲပေါ့ ……..။ ။
ကောက်နွယ်ကနောင်
ရသအောင်မြေ ( မြန်အောင်မြို့နယ်) မဂ္ဂဇင်း
ဧပြီ ၊ ၁၉၉၂