Saturday, March 13, 2010

ယန္တရားဆန်ဆန်ဆောင်း


တစ်ခုခုလိုအပ်နေစဉ်မှာ
တစ်ခုမကလိုအပ်ခဲ့ပေါ့
အစာအိမ်တစ်ခု လိုအပ်နေမှတော့
ကမ္ဘာကြီးက ပေါင်မုန့်တစ်ချပ်
ကြက်တူရွေးက စကားပြောအတတ်
ကောင်မလေးရေ
ချစ်ခြင်းတရားဆိုတာ
မရှိမဖြစ်လိုအပ်ခဲ့တယ်။
မလိုအပ်လှစွာ
ဒါဝင်ရဲ့မျောက်တွေက
လိမ္ပော်သီးကြီးကို ၀င်ရိုးတပ်
မွန်းကျပ်ကျပ် ကောင်းကင်ဟောင်းကြီးတစ်ခုအောက်မှာတော့
သမားရိုးကျ ပိုးမွှားတွေ တင်းကျမ်းပြည့်
တွေ့တယ်မဟုတ်လား
မြက်ရိုင်းတောမှာ ခရုတွေတွယ်ဖက်
မှိုတက်တွေ အမြန်ကြီးထွားနေတယ်
ယန္တရားဆန်ခဲ့တာကိုး။
အမှားအားလုံး မှန်ဖို့လိုအပ်သတဲ့
အေးစက်စက်ပျို့အန်
နှင်းထန်တဲ့ အဲဒီဆောင်းမှာတော့
နှေးကွေးလေးလံမှုကို စောင့်ဆိုင်းဖို့
နောက်ကျရထားတစ်စီး
သာမန်ထက်ပိုပြီး နောက်ကျခဲ့တော့တယ်။          ။

မြတ်နိုးနိုင်
ရသအောင်မြေ
ဧပြီ ၊ ၁၉၉၂

No comments:

Post a Comment