Thursday, March 25, 2010

လုပ်အားပေးခြင်း







ကျွန်တော် အားလပ်တဲ့ တနင်္ဂနွေရက်တွေမှာ ပန်းချီဆွဲရင် ဆွဲတယ်။
စိတ်မကြည်ရင်  Searcher Myanmar ( LNGO) နဲ့ လုပ်အားပေးလိုက်တယ်။ အပတ်စဉ်တိုင်း ရန်ကုန်အနီးတစ်ဝိုက်က ရွာတွေကို သွားကြပါတယ်။ ကော့မှုးနဲ့ ထန်းတပင်မြို့နယ်တွေကို အလှည့်ကျ ရောက်ဖြစ်တယ်။ ရန်ကုန်နဲ့ မဝေးလှပေမယ့် သူတို့တွေမှာ လိုအပ်ချက်တွေက ရှိနေတုန်းပါပဲ။        ။

မိုးပျံငှက်

Monday, March 15, 2010

ကျွန်တော်တို့ နှင့် ဂျာနယ်အိပ်မက်

ဒီရက်ပိုင်း ကျွန်တော်တို့ Myanmar Egress ဂျာနယ်လစ်ဇင်သင်တန်းသားတွေကိုကြည့်လိုက်ရင် ဟိုနေရာ စုစု စုစု ဒီနေရာ စုစု စုစု နဲ့တိုးတိုးတိုးတိုးဆွေးနွေးနေကြတာ ခုအစိုးရသာသိရင်တော့ ဒီကောင်တွေ ဆန္နပြနေကြတာလားဆိုပြီး အဆွဲခံရမယ့် ကိန်းခင်ဗျ ။ လူတိုင်းကအဖွဲလေးတွေကိုယ်စီနဲ့တိုင်ပင်နေကြတာပါ ။ဘာများလုပ်နေကြတာပါလိမ့် ။ တကယ်တော့ ဒါဆန္နပြနေကြတာ မဟုတ် ပါဘူး ။ ကျွန်တော်တို့ရဲ့ခပ်ဖြောင့်ဖြောင့် ဂျာနယ်လစ်ဇင်ဆရာ ကိုကျော်မင်းဆွေက လုပ်ခိုင်းထားတဲ့အဖွဲ့အလိုက် သင်တန်းတွင်းဂျာနယ်ထုတ်ဖို့ကိစ္စကို ကိုယ့်အဖွဲ့ လေးတွေနဲ့ကိုယ်တိုင်ပင်နေကြတာပါ ။ဇူလိုင်လရဲ့ နောက်ဆုံးအပတ်ကမှရလာတဲ့ ဒီညွှန်ကြားချက်ကိုအကောင်အထည်ဖော်ဖို့ ကျွန်တော်တို့မှာ တစ်ပတ်အချိန်ရပါတယ် ။ မိုးတွေသည်းသည်းမဲမဲ ရွာကောင်းရွာနေမယ့် သြဂုတ်လရဲ့ ပထမပတ်အတွင်းကိုယ့်ဂျာနယ်လေးစထုတ်နိုင်ဖို့ အဖွဲ့ကိုယ်စီ အချိန်ရှိသရွေ့လုံးပန်းနေတာခင်ဗျ။ ဒီကိစ္စအတွက် တစ်ချို့အဖွဲ့တွေများထမင်းစားချိန်တောင် ဖြောင့်ဖြောင့်မစားနိုင်ကြပါဘူး ။ သူတို့ခမျာ တော်တော်လေးကို စိတ်ရောကိုယ်ပါ မြုပ်နှံထားတာအတိုင်းသားမြင်နေရပါတယ် ။ အဲ တစ်ချို့ကျတော့လည်းအေးဆေးခင်ဗျ ။ သူ့အချိန်တန်ရင် သတင်းရှာပြီး စာစီစာရိုက်ပြီး ဒီဇိုင်းကအစ အကုန်ပြင်ဆင်ထားတဲ့ဂျာနယ်တစ်စောင် မိုးပေါ်ကကျလာမဲ့ ပုံမျိုး ။ သွားမြဲလာမြဲ လစ်မြဲ ဆိုရမလိုပါဘဲ ။ ဘာပဲပြောပြော အဖွဲ့အများစုကတော့ တော်တော်လေး အားစိုက်နေကြပါတယ် ။ကျွန်တော်ဟာလည်း ဂျာနယ်လစ်ဇင်အတန်းက သိုင်းဆရာနဲ့အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တာကြောင့် ကျွန်တော်တို့ အဖွဲ့ကိုယ်စားပြု Junior Voice Journal လေးကို အချိန်မှီ ထုတ်နိုင်ဖို့ သတင်းတွေရဖို့ တတ်သမျှမှတ်သမျှလေးနဲ့ လိုက်ကြိုးစားရပါတယ် ။ ဒါပေမဲ့ ကံများမကောင်းချင်တော့ သောကြာနေ့သာရောက်လာခဲ့တယ် အင်တာနက်က လွယ်လွယ်ကူကူရနိုင်တဲ့ ဘာသာပြန်သတင်း ကူးချရည်ညွှန်းသတင်းတွေကလွဲရင် ကျွန်တော်ကိုယ်တိုင်လိုက်ထားတာပါဆိုတဲ့သတင်းမျိုး မရသေးဘူးခင်ဗျ ။ ဒါကြောင့်ပဲ သတင်းတစ်ပုဒ်ကောင်းကောင်းရဖို့သတင်းဖြစ်နိုင်တာတွေကို လိုက်ရှာရပါတယ် ။ သတင်းရချင်တော့လည်း တော်တော်ရှာလိုက်ရပါပဲ ။ နောက်ဆုံးတစ်ခုသွားတွေ့တာက ကျွန်တော်တို့ ခုလို ကိုယ့်အဖွဲ့နဲ့ကိုယ်ဂျာနယ်လေးတွေထုတ်ဖို့ကြိုးစားနေတာတွေဟာ သတင်းတွေပဲပေါ့ ။မဟုတ်ဘူးလား။ ဒါကြောင့် စနေနေ့မနက် ကျွန်တော်ကျောင်းရောက်တာနဲ့အဖွဲ့တစ်ခုချင်းစီက ခေါင်းဆောင်တွေနဲ့ လက်လှမ်းမှီရာအဖွဲ့ဝင်တွေ၊နောက်ပြီး ဒီလိုတာဝန်ပေးတဲ့ ကျွန်တော်တို့ရဲ့ ခပ်ဖြောင့်ဖြောင့် ဂျာနယ်လစ်ဇင်ဆရာ ကိုကျော်မင်းဆွေကိုပါ အင်တာဗျူးပြီး ကျွန်တော်တို့ဂျာနယ်လစ်ဇင်အဖွဲ့တွေရဲ့ဂျာနယ်ထုတ်ဝေဖို့ကြိုးစားနေတဲ့ အခြေအနေလေးတွေကို မေးမြန်းဖြစ်ပါတယ် ။ ကဲ ကျွန်တော် ကြိုးစားထားတဲ့ အင်တာဗျူးလေးကို ဖတ်ကြည့်ပေးပါဦး ။ * * * * * ကျွန်တော်တို့ဂျာနယ်လစ်ဇင်အတန်းထဲမှာ သိုင်းဆရာနှင့်အဖွဲ့ ၊ Cocoon ၊ Uberima Fide ၊ All in One နဲ့ Idea Tank ဆိုပြီး အဖွဲ့ငါးဖွဲ့ရှိပါတယ်။ ကျွန်တော်ပထမဆုံး အင်တာဗျူးဖြစ်တာကတော့ The Nation Builder ဂျာနယ်ကို ထုတ်ဝေမယ့်Cocoon အဖွဲ့ ပါ ။ ပန်းကလေးတွေရဲ့ဝတ်မှုန်လို့အကြမ်းဖျင်း ဘာသာပြန်လို့ရတဲ့ အနုပညာဆန်တ့နဲာမည်လေးနဲ့Cocoon အဖွဲ့ဟာ ပန်းချီဆရာမ မဇွန်စပယ်ဖြူ (အဖွဲ့ခေါင်းဆောင်) ၊ကိုသောင်းထွန်း ၊ ကိုမျိုးမင်းထွန်း ၊ ကိုခိုင်ပီး ၊ ကိုငိုပီး ၊ ကိုလင်းလင်းစိုး ၊ကိုဇော်တေဇ နဲ့ ကိုမိုးမြင့်မောင် စတဲ့ အဖွဲ့ဝင်(၈) ယောက်နဲ့ဖွဲ့စည်းထားပါတယ် ။ သူတို့ထုတ်မဲ့ Nation Builder ဂျာနယ်ဟာ နိုင်ငံရေးဂျာနယ် အထူးသဖြင့် နိုင်ငံတော်တည်ဆောက်ရေးကိုအသားပေးဖော်ပြမယ်လို့ ကိုမျိုးမင်းထွန်းကဆိုပါတယ် ။ သူဟာ ဒီဂျာနယ်အတွက် စာစီစာရိုက် ဒီဇိုင်းအပိုင်းကိုလည်း တာဝန်ယူလုပ်ဆောင်ပေးမယ့်သူ ပါ ။ နောက်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ကိုမိုးမြင့်မောင်ကတော့ လောလောဆယ် အင်တာဗျူးစာမူတစ်ခုရေးပေးထားပြီးနောက်ပိုင်းမှာအတွေးအမြင်ဆန်ဆန်လေး တွေရေးမယ်လို့ဆိုပါတယ်။ အချိန်မရလို့အားချင်းလုပ်ရပေမဲ့ ပြည်တွင်းသတင်း တစ်ချို့ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ထားတယ်လို့လည်း ပြောပါတယ် ။ ကိုဇော်တေဇကတော့ The Voice ဂျာနယ်က Street and Smart ဆွေးနွေးခန်းပုံစံမျိုးရေးထားတယ်လို့ဆိုသူ ပါ ။ ဒီဂျာနယ်ဟာ အစက Entertainment ကိုတည်ထားရာကနေ သောကြာနေ့ကမှ Trend ပြောင်းလိုက်တာလို့ သူကဆက်ပြောပါတယ် ။ Cocoon အဖွဲ့ဟာ သတင်းအများစုကို အင်တာနက်ကနေရယူတာဖြစ်ပြီး သတင်းတစ်ပုဒ်ကို ဆိုဒ်ပေါင်းစုံကရှာတယ်လို့ အဖွဲ့ခေါင်းဆောင် မဇွန်စပယ်ဖြူက ဆိုပါတယ် ။ ဒီ Nation Builder ဂျာနယ်ထုတ်ဖို့ကိစ္စမှာ အဖွဲ့ဝင်အားလုံးက ရာနှုန်းပြည့်ပါဝင်ကြတယ်လို့ လည်းဆိုပါတယ် ။ကျွန်တော်နောက်ထပ်တွေ့ဆုံဖြစ်တာကတော့ အစွမ်းကုန် ရိုးသားခြင်းလို့အဓိပ္ပါယ်ရတဲ့ လက်တင်ဘာသာစကားကိုယူထားတဲ့ Uberima Fide အဖွဲ့ပါ ။ Public Echo လို့ခေါ်တဲ့ဂျာနယ်ကိုတာဝန်ယူထုတ်ဝေမှာဖြစ်ပြီး အဖွဲ့ခေါင်းဆောင် မမြတ်မေဇင် ၊ ကိုခိုင်စိုးအောင် ၊ မနှင်းသဇင်ဦး ၊ မအဉ္ဇလီစိုးစိုး၊ မကုဋေကုဋာမျိုးလှိုင် ၊ ကိုနေရုန်း ၊ ကိုနေမျိုးကျော် ၊ ကိုမြတ်နိုးအောင် နဲ့ကိုဇော်မျိုးထိုက် အပါအဝင် အဖွဲ့ဝင် ကိုးယောက်တောင် ရှိလို့ကျန်အဖွဲ့တွေထက်စာရင် တော်တော်လေးအင်အားတောင့်တင်းတဲ့အဖွဲ့ လို့ဆိုရ ပါမယ် ။(အဖွဲ့ဝင်တစ်ချို့ရဲ့နာမည်တွေက စာစီစာရိုက်တွေ ဒုက္ခရောက်မယ်ဆိုတာကိုလည်း ပြောချင်ပါတယ် အဟဲ ) Public Echo ဂျာနယ်ဟာ လူငယ်တွေကို စိတ်အားမြှင့်ပေးမယ် ၊ သင်ခန်းစာပေးမယ်လို့ သူတို့ထုတ်မဲ့ဂျာနယ်ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး မမြတ်မေဇင်ကပြောပါတယ် ။ အင်တာဗျူးတစ်ခု ဆောင်ပါးတစ်ပုဒ်နဲ့ပြည်တွင်းသတင်းတွေကိုယ်တိုင်လိုက်ပြီးရေးသားထားတဲ့ကိုခိုင်စိုးအောင်ကတော့ သူတို့ရဲ့အဖွဲ့ဝင်တစ်ယောက် ဒီရက်ပိုင်းကျောင်းပျက်ပြီးဘာမှပူးပေါင်းပါဝင်မှုမရှိတာကို ပြောပြသွားပါတယ် ။သူက Public Echo ဂျာနယ်ရဲ့စာစီစာရိုက် ဒီဇိုင်းတာဝန်ကိုလည်းယူထားပါတယ် ။ Let’s make brighter future ပိုတောက်ပတဲ့ အနာဂတ်ကို ဖန်တီးကြပါစို့ လို့ကြွေးကြော်သံနဲ့ The Demo Light ဂျာနယ်ကိုတာဝန်ယူထုတ်ဝေမှာကတော့ ကိုမင်းမင်းနိုင် (ရှေ့နေကြီး) ဦးဆောင်တဲ့Idea Tank အဖွဲ့ပါ။ ဒီအဖွဲ့မှာ ကိုဇော်ဆိုင်း ၊ ကိုဝေယံလင်း ၊မနန်းတင်ထွေး ၊ ကိုဂျောင်ဆန်ထုံ ၊ မအိဖြိုးမင်းသူ ၊ ကိုစောကျော်ထင် ၊ ကိုဇမ်းထွမ်း နဲ့ရှေ့နေကြီးအပါအဝင် အဖွဲ့ဝင်ရှစ်ယောက်တောင်ရှိပါတယ် ။ သူတို့ဂျာနယ်ဟာ Policitical အပိုင်းကိုဦးစားပေးမှာဆိုပေမဲ့ ကဗျာ ၊ ရသစာတမ်း လိုမျိုးတွေကိုလည်း ထည့်သွင်းဖော်ပြသွားမယ်၊ဒါအပြင့် စာနယ်ဇင်းသမားတွေအတွက်သိသင့်သိထိုက်တဲ့ ဥပဒေရေးရာတွေကို လည်းဖော်ပြပေးသွားမယ်လို့ အဖွဲ့ခေါင်းဆောင်ကိုမင်းမင်းနိုင်(ရှေ့နေကြီး) ကဆိုပါတယ်။လက်ရှိမှာစာရိုက်ဖို့ကွန်ပြူတာအခက်အခဲရှိနေပေမဲ့ အဖွဲ့ဝင်တစ်ဦးကိုစာမူသုံးပုဒ်လောက်ရမယ်လို့ခန့်မှန်းထားကြောင်းလည်းပြောပါတယ်။ နောက်ပြီး သူတို့ဂျာနယ်မှာ Heavy သတင်း ရထားတာ ရှိတယ်လို့လည်းဆိုပါတယ်။မြန်မာရှိတ်စပီးယားအကြောင်းအခန်းဆက်ဆောင်းပါးရေး ထားတဲ့ ကိုဇော်ဆိုင်းကတော့ ဒီဂျာနယ်ထုတ်ဖို့ကိစ္စမှာ ဦးဆောင်သူတွေသာ တတ်ကြွနေပြီး ကျန်တဲ့အဖွဲ့ဝင်တွေကတော့အေးတိအေးစက်ဖြစ်နေကြောင်း ၊ စာမူတွေလည်း အကုန်မရသေးကြောင်းပြောကြားခ့ပဲါတယ်။ အဖွဲ့တွေထဲမှာ ကျွန်တော်အင်တာဗျူးဖို့နောက်ဆုံးကျန်တာကတော့ စပဲရိုးလို့ ကျွန်တော်တို့ခေါ်တဲ့ ကိုနေလင်းထိုက်ရဲ့ All in One အဖွဲ့ပါ ။ သူတို့အဖွဲ့က Future Truthworthyt Newspaper ဆိုတ့ေဲ ဆာင်ပုဒ်နဲ့ The Egerss Times ဂျာနယ်ကို နေ့စဉ်ထုတ်သတင်းစာပုံစံ ဖန်တီးမယ်လို့သိထားပါတယ် ။ အတန်းထဲမှာ သူတို့အဖွဲ့လူတွေကို တစ်ယောက်မှမတွေ့ပါဘူး သူတို့အဖွဲ့ဝင်တချို့လည်း ကျောင်းလာပေမ့ေဲ စာစောပြန်သွားတယ်လို့သတင်းရတော့ရုတ်တရက်သူတို့ ကိုဘယ်ရှာရမှန်းမသိဖြစ်သွားပါတယ်။ နောက်ဆုံးအတန်းဖော်တစ်ယောက်ကလမ်းညွှန်တော့မှကျွန်တော်တို့သင်တန်း ရဲ့အပေါ်နှစ်ထပ်မှာရှိတဲ့ Living Color မဂ္ဂဇင်းတိုက်ကကွန်ပြူတာတစ်လုံးရှေ့မှာ စာထိုင်ရိုက်နေတဲ့ ကိုနေလင်းထိုက်ကို ရှာတွေ့ပါတယ် ။ရောက်ရောက်ချင်းဘာမှမမေးသေးဘဲ သူတို့ဂျာနယ်ရဲ့လုပ်လက်စ အခြေအနေကိုထိုင်ကြည့်နေလိုက်တဲ့အခါ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပြီးစီးနေတာကိုတွေ့ရပါတယ်။ဒါတောင်အဖွဲ့ဝင်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းလောက်ပဲ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ သူကဆိုပါတယ်။ကွန်ပြူတာမရတဲ့အခက်အခဲနဲ့ အဖွဲ့ဝင်တွေထဲမှာ စာစီစာရိုက် ကျွမ်းကျင်သူတစ်ဦးသာရှိပေမဲ့ တနင်္လာနေ့ ထွက်နိုင်မယ်ထင်တယ်လို့တက်တက်ကြွကြွဆိုပါတယ်။ကိုနေလင်းထိုက်ရဲ့ All in One အဖွဲ့မှာ ကိုအောင်ပိုင်စိုး ၊ ကိုဇမ်ခန်းထျဲန် ၊ ကိုဆလိုင်းမန်ဟဲလျန် ၊ မသိမ့်သီတာ ၊ မစိမ်းနုနု နဲ့ ကိုထွန်းလှရွှေ တို့ပါဝင်ပြီး အဖွဲ့ဝင်တစ်ယောက်သာ အလုပ်ကိစ္စတွေရှိနေတဲ့အတွက် သင်တန်းမလာနိုင်ဘဲသတင်းမပေးနိုင်တာလို့ ကိုစပဲရိုးကဆိုပါတယ် ။သူဟာThe Egress Times ဂျာနယ်ရဲ့နိုင်ငံတကာသတင်းတွေကို တာဝန်ယူထားပါတယ်။ ကျွန်တော်ဟာဒီလိုနဲ့ ဂျာနယ်ထုတ်မယ့်အဖွဲ့တွေကို အင်တာဗျူးသွားလိုက်တာ နောက်ဆုံး အင်တာဗျူးဖို့က ဒီကိစ္စတွေကို တာဝန်ပေးတဲ့ ကျွန်တော်တို့ရဲ့ ခပ် … (ထားပါလေ တအားဖားနေတော့လည်း ကျန်တ့သဲူတွေ အမြင်ကပ်နေဦးမယ် အဟဲ ) ကျွန်တော်တို့ရဲ့ဆရာကိုကျော်မင်းဆွေတစ်ယောက်ပဲကျန်ပါတော့တယ် ။ ဆရာ့ကိုအင်တာဗျူးစရာအကြောင်းကလည်းဒီလိုရှိတယ် လေ ။ အစက ကျွန်တော်တို့ဂျာနယ်လစ်ဇင်အတန်းမှာ တစ်တန်းလုံးကို ကိုယ်စားပြုတဲ့ နံရံကပ်စာစောင်သာသာဂျာနယ်လေးထွက်ဖို့ကိစ္စကနေခုလို့မျိုးတစ်ဖွဲ့တစ်စောင် ထုတ်ရမယ်လို့ဆရာကပြောင်းခိုင်းလိုက်တာကိုး ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာက ခုလိုတစ်ဖွဲ့ တစ်စောင် ထုတ်ခိုင်းရခြင်းဟာ အတန်းသားအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကို လိုချင် လို့ဖြစ်ကြောင်းရှင်းပြပါတယ်။တကယ်လို့ မူလကအတိုင်းတစ်တန်းလုံးစာ တစ်စောင်ပဲထုတ်မယ်ဆိုရင် ခိုနေမ့သဲူတွေ ရှိလာနိုင်တယ် လို့ ဆိုပါတယ် ။ ကျွန်တော်ကခုကျွန်တော်တို့ဂျာနယ်လုပ်တဲ့အဖွဲ့အများစုဟာ အစောဆုံးတနင်္လာနေ့မှာထုတ်နိုင်လိမ့်မယ် လို့မမျှော်လင့်နိုင်ကြပါဘူး။ အဲဒါကိုအင်တာဗျူးတွေအရသိရပါတယ်လို့ဆိုတဲ့အခါ ဒါကိုမျှော်လင့်ထားတယ်လို့ ပြောပါတယ်။နောက်ထပ်ကျွန်တော်က ကျွန်တော်တို့လုပ်နေတ့ဂျဲာနယ်တွေရဲ့ အဓိကသတင်းရယူတဲ့ နေရာက အင်တာနက်ပဲဖြစ်နေတဲ့အချက်ကိုပြောပြတ့အဲ ခါ ဒါကိုလက်ခံနိုင်တယ် ၊ အဓိကက ဂျာနယ်တစ်စောင်ထုတ်ရာမှာ တွေ့ကြုံရမဲ့ အခြင်းအရာ တွေကိုသင်တန်းသားတွေသိစေချင်လို့ဖြစ်တယ်လို့ပြောပါတယ်။နောက်ပြီးဒီကိစ္စလေးကြောင့် ဘယ်သူတွေ ဘယ်လောက် လုပ်တတ်တယ် ။ ပြီးခ့တဲ့ သဲ င်ခန်းစာတွေကို ဘယ်လောက် ကျေညက်တယ် ဆိုတာသိနိုင်မယ်လို ဖြည့်ရှင်းပြပါတယ်။ ဒီနေရာမှာ ကျွန်တော့အခြေအနေလေးကိုလည်း နည်းနည်းလောက် ပြောပါရစေဦး ။ ကျွန်တော့မှာ ဆရာ ကိုကျော်မင်းဆွေနဲ့ အင်တာဗျူး လုပ်မဲ့သာလုပ်နေရတာ တကယ်တမ်း စာအုပ် လေး တစ်အုပ်ရယ် ဘောပင်ကလေးရယ်ကလွဲရင် ဆရာပြောသမျှသည်၏မလွဲလိုက်မှတ်ဖို့ Recorder တို့ MP3 တို့လည်းမပါပါဘူး ။သည်တော့ ဆရာနဲ့ မဗျူးခင် ကတည်းက Trick လေးတစ်ခုလုပ်ထားရပါတယ် ။ အဲဒါကတော့ မေးခွန်းနည်းနည်းပဲမေးဖို့။ဒါမှဆရာပြန်ဖြေတာကို ကျွန်တော်လိုက်မှတ်ရလွယ်မယ်လေ။ဒီလိုနဲ့ ခုနကမေးခွန်းလေးသုံးခုကိုပြင်ပြီး အင်တာဗျူးစလုပ်တာပါ။ အဲဒီမှာနောက်တစ်ခုက မေးနေရင်း ကျွန်တော်တို့ရဲ့ခပ်ပျော်ပျော်နေတတ်တဲ့ ဂျာနယ်လစ်ဇင်ဆရာ ကိုကျော်နိုင်ပြောတာလေး ကိုသွားသတိရမိတယ်။ အင်တာဗျူးတစ်ခုလုပ်ရင်ဟိုကဖြေသမျှကို ဒီက ကုန်းပြီးလိုက်မှတ်နေလို့ဘဲမဖြစ်ဘူးမဟုတ်လား။ ဒီတော့ တစ်ချက်တစ်ချက်ဖြေတ့သဲူရဲ့မျက်နှာကိုလည်းကြည့်ရသေးတာပေါ့ ။ အဲဒီမှာစတွေ့တာပါပဲ။ကျွန်တော်လည်းဆရာကိုပြန်ပြန်ကြည့်နေရတာနဲ့ဆရာဖြေသမျှသည်၏မလွဲ လိုက်မမှတ်နိုင်တော့ပါဘူး အဟဲ။ဒါနဲ့ပဲဆရာကိုကျော်မင်းဆွေပြန်ဖြေသမျှကို သည်၏မလွဲ လိုက်မရေးတော့ဘဲ အဓိကအချက်ကလေးတွေဘဲပြန်ရေးဖိုဆုံးဖြတ်လိုက်ရတာပေါ့ ။ ဒီလိုနဲ့ဆရာနဲ့ အင်တာဗျူးလုပ်ပြီး ကျွန်တော်က နှုတ်ဆက်လို့ပြန်မယ်အလုပ်မှာ ဆရာစကားထဲက သိချင်တာလေးတစ်ခုပါလာတာနဲ့ ဒီအင်တာဗျူးဆောင်းပါးလေး အတွက် နောက်ဆုံးမေးခွန်းကိုမေးဖြစ်လိုက်ပါတော့တယ် ။ Yangonese ။ ။“ ဆရာ ကျွန်တော်တို့ အဖွဲ့အလိုက် သုံးလေးစောင်လောက်ထုတ်ပြီးတာနဲ့ အားလုံးပေါင်းလုပ်ရမှာပေါ့နော် ” ဆရာကျော်မင်းဆွေ ။ ။“ ဟုတ်ပါတယ် ။ အားလုံး သွေးပူသွားပြီဆိုတာနဲ့ နောက်ဆုံးမှာဂျာနယ်လစ်ဇင်အတန်းသားတွေအားလုံးပေါင်းပြီး Perfectဂျာနယ်တစ်စောင်ထုတ်မယ် ”(ကျွန်တော့်အင်တာဗျူးလေးကတော့ ဒီမှာပဲပြီးဆုံးပါပြီ ။နောက်ဆုံးရရှိတဲ့သတင်းတွေအရ ကိုနေလင်းထိုက်(စပဲရိုး)တို့အဖွဲ့ရဲ့ The Egress Times ဂျာနယ်က ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးထွက်ရှိလာပါတယ်။)

Yangonese
Thursday , August 6 – August 17, 2009
JUNIOR VOICE WEEKLY JOURNAL

ရေဝေးရောက် ကဗျာ


ကဗျာတွေရေးမယ် ရေဝေးရောက်မှ
ဒီနေ့ သေစာရင်းမှာ ငါ့ နာမည်ရှာမိ
ဟိုး ခေါင်းတိုင်ကြီးမှာ အူနေတာ ငါ့ စိတ်တွေပဲ
အနက်ရောင်တွေ စီးမျောကျလာနေတာလား
သူငယ်ချင်း ကိုရီးယားမှာ သုံးနှစ်သံကွင်းနဲ့
ကျောမှာ ဆားပွင့်နေချိန် မင်း အဖေ့ ဈာပန ဒီနေ့ပဲ မြေကျတယ်
တကယ်တော့ မြေကျစရာ ဇာတိရပ်ရွာ ပြန်မရောက်ခဲ့ဘူး
မင်းအတွက် ငါတာဝန်ကျေခဲ့လား ညနေမှာ မိုးတွေရွာတယ်
ကောင်းကင်တစ်ခုထဲ အောက်
မင်းနဲ့ ငါနဲ့ အရင်လို လမ်းထွက်လျှောက်ကြရအောင်။            ။

မိုးပျံငှက်
26/08/2009

ကျေးလက် ကျောင်းသားဘဝ



ဒီတစ်ခေါက် ရွာက အမေ့အိမ်မှာ တော်တော် ကြာကြာနေဖြစ်ခဲ့တယ်။ မိုးရနံ့သင်းနေတဲ့ ငြိမ်းချမ်းတဲ့ ရွာကလေးမှာ ရန်ကုန်ကိုပြန်ရောက်ရင် လုပ်ရမယ့် အလုပ်တွေကို ခဏမေ့ထားလိုက်ပါတယ်။ဆရာနေမျိုးရဲ့ ဇာတိရပ်ရွာပြန်ရောက်တဲ့အခါ အက်ဆေးကို ဖတ်ရင်း ငယ်ငယ်က ကျေးလက်ကျောင်းသားဘ၀ကို ပြန်တွေးနေမိတယ်။ ကျနော်တို့ ရွာဟာ မြို့နဲ့ (ရ)မိုင်ခန့် ဝေးပါတယ်။ ရွာကြီးတစ်ရွာ ဖြစ်ပေမယ့် ၁၉၈၀ – ၈၅ ၀န်းကျင်မှာ ဘုန်းကြီးကျောင်းပညာရေးပဲ ရှိပါသေးတယ်။ ဘုန်းကြီးကျောင်းမှာ ကျနော်သူငယ်တန်း စ နေရတယ်။သူငယ်တန်းလေး၊ သူငယ်တန်းကြီးဆိုပြီး နှစ်နှစ်နေရတယ်။ မိဘတွေက အသက် ၆ နှစ်ကျော်မှ ကျောင်းထားတယ်။ ကျောင်းဆင်း တဲ့အချိန် ဘုရားတန်ဆောင်း သိမ်ထဲမှာသရေကွင်းပစ်၊ လောက်စလုံးပုံတိုက်၊ ဂျင်ပေါက်၊ ထုတ်စီးတိုး၊ လိုက်တမ်း ပြေးတမ်း ကစားခဲ့ကြတာပါ။ ၁၉၈၆ ခန့်မှာတော့ ရွာရဲ့တောင်ဘက် လယ်ကွင်းထဲမှာ အစိုးရမူလတန်းကျောင်းကို ဆောက်လုပ်ပြီးတဲ့အခါ အတန်းပညာရေးနဲ့ ဘုန်းကြီးကျောင်းပညာရေးကို ခွဲလိုက်ပါတယ်။ မူလတန်းကျောင်းသစ်ကို ပြောင်းသင်ရတဲ့အခါကျ နော် ပထမတန်းကနေ စပြီး စာသင်ရတယ်။ ကျနော်တို့ ရွာကကျောင်းကလေးဟာ အစပထမ မလုံမခြုံလေးနဲ့ စခဲ့ရ တယ်။ မိုးတွင်း လေရောမိုးရော ရွာချရင် မိုးပက်ပြီး ခေါင်မိုးပေါ်မိုးရေ ကျသံကြောင့် စာသင်လို့မရပါဘူး။ မိုးလုံတဲ့ ထောင့်တစ်ထောင့်မှာ စုနေကြရတယ်။ မိုးကြီးကြီးရွာရင် စာမသင်ရလို့ ကျနော်တို့ ပျော်လို့ပါပဲ။ ခုံရှည်လေးတွေချထား တဲ့မြေကြီးပေါ်မှာ ထိုင်စရာ အခင်းမရှိပါဘူး။ အုတ်ခဲကျိုးဖင်ခုထိုင်တဲ့ သူ ၊ စပါးထည့်တဲ့နိုင်လွန်အိတ်ဟောင်းကိုဖြန့်ခင်း ထိုင်တဲ့သူထိုင်နဲ့ပါ။ ရွာက မူလတန်းကျောင်းလေးမှာ ဆရာ သုံးယောက်ပဲရှိတယ်။ ဆရာမ မရှိပါဘူး။ ကျနော်အလီပြန် လို့ မှားတဲ့အခါ ဆရာက လက်သီးနဲ့ ထိပ်ခေါက်ပါတယ်။ ကျနော်တို့ ကျောက်တံတွေ တုံးနေတော့ ဆရာကချွန်ပေးတယ်။ ညနေကျောင်းဆင်းပြီးရင် အိမ်မပြန်ကြသေးပဲ ရွှံ့ထဲဗွက်ထဲ လယ်ကွင်းထဲမှာဘောလုံးကန်ကြတာကိုအမှတ်ရမိပါတယ်။ လွယ်အိတ် နဲ့ အပေါ်အင်္ကျီ၊ ဘောင်းဘီကိုချွတ်၊ ခမောက်အောက်မှာထားပြီး မိုးဖွဲဖွဲအောက်မှာ လုံးတီးလေးတွေ ပြေး လွှားနေကြတာ။ တချို့ကောင်တွေ အိမ်ကလိုက်လာပြီးဒုတ်နဲ့ အတီးခံရတယ်။ ၁၉၈၈ အရေးအခင်းဖြစ်တော့ ကျနော်ဒုတိယတန်းလောက်ပဲ ရှိမယ်ထင်ပါတယ်။ ဆန်းစပါးတွေ အလု အယက်မခံရအောင် ခြံတံခါးတွေ ခြံစည်းရိုးတွေ လုံအောင်ရွာသားတွေ လုပ်ကြရတယ်။ ကျနော်တို့ အိမ်မှာ ညစောင့် အမျိုးတွေ ခေါ်ထားရတယ်။ရွာတောင်ပိုင်းမှာကင်းတဲတစ်ခု မြောက်ပိုင်းမှာကင်းတဲတစ်ခု အလှည့်ကျကိုယ့်ရွာလုံခြုံရေးအတွက် ကင်းစောင့်ကြရတယ်။ ဓား၊ ၀ါးရင်းတုတ်၊ စင်းထစ်လို့ခေါ်တဲ့ ဂျင်ဂလိတွေနဲ့။ ကျနော့်ဦးလေးက ကင်းတဲမှာ ကာလသားဟင်း ချက်စားကြတာကို ရယ်စရာအဖြစ်ပြန်ပြော
ပြတယ်။ ပြည်သူတွေ ကျီးလန့်စာစားနေရတဲ့ အချိန်ပါပဲ။ ကျောင်းတွေပြန်ဖွင့်တဲ့အခါ တချို့ကျောင်းကိုပြန်မ ရောက်လာတော့ဘူး။ ကျနော်တို့ (၄)တန်းမှာအားလုံးပေါင်း(၁၁) ယောက်ပဲရှိတယ်။ မူလတန်းအောင်တဲ့ အခါ မြို့က အထက်တန်းကျောင်းကို ပြောင်းတက်ရတော့(၄)ယောက်ပဲ ကျန်တော့တယ်။ မိဘတွေက မြိုကျောင်းကို ဆက်မထား နိုင်တော့ ။ လယ်ထဲ ချောင်းထဲမှာ အလုပ်လုပ် မိဘတွေကိုကူညီကြရတယ်။ ရွာကနေ ကျောင်းသွားတက်ရတာ သုံးမိုင် ဝေးပါတယ်။မိုးတွင်းလမ်းမကောင်းရင်ခြေကျင်လျှောက်ရပြီး လမ်းသာရင် စက်ဘီးနဲ့ အသွားအပြန်ကျောင်းတက်ရတယ်။ ကျနော် မိဘတွေက ကျနော်ကို ကျောင်းဆက်ထားခဲ့တယ်။ အမေဟာ လယ်တွေ အများကြီးပိုင်ပြီး စားရင်းငှားတွေနဲ့ ဦးစီးလုပ်ကိုင်ပါတယ်။ အဖေက အစိုးရ၀န်ထမ်းဖြစ်ပြီး အမေ့ရဲ့ထောက်ပံ့မှုနဲ့သာ ကျနော်တို့ ညီအစ်ကိုမောင်နှမ တွေ ပညာသင်ကြားခဲ့ရပါတယ်။ အခုအခါမှာတော့ အဖြူအစိမ်း ကျောင်းသူ၊သားလေးတွေမြင်တိုင်း ငယ်ငယ်က ကျေးလက်ကျောင်း သားဘ၀ကို သတိရပြန်တွေးနေမိတယ်။                     

မိုးပျံငှက်
22/08/2009

Saturday, March 13, 2010

မှတ်သားမိသော ဆုံးမရတနာ


ရတနာဟူသည် အဖိုးထိုက်တန်ကြသည်။  ရှာဖွေစုဆောင်း ကြသည်။ ကျောင်းတော်ကြီးမှ စုဆောင်းရရှိခဲ့သော ဆရာ၊ဆရာမတို့၏ ဆုံးမရတနာများကို မှတ်မိသလောက် ပြန်တွေးကြည့်ပါသည်။ ဆရာ၊ ဆရာမတို့၏ စေတနာနှင့် ကျေးဇူးတရားကို အပြည့်အ၀ နားလည်သဘောပေါက်၍ မဟုတ်သေးပါ။ တတွတ်တွတ် ပြောဆို ဆုံးမခဲ့ကြသဖြင့် မှတ်မိနေသော စကားများမှ တချို့သာ ဖြစ်ပါသည်။

နံနက်ကျောင်းတက်ခေါင်းလောင်းထိုးသောအခါ ကျောင်းစုဝေးပွဲအတွက် တန်းစီကြ၊ နိုင်ငံတော်သီချင်းဆိုကြရသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီးက နံနက်ခင်းသြ၀ါဒစကား မိန့်ကြားပါသည်။
“မောင်တို့မယ်တို့ ကျောင်းကို ဘာရည်ရွယ်ချက်နဲ့လာခဲ့တာလဲ။ မိဘတွေလွှတ်လို့လာခဲ့တာမဖြစ်သင့်ဘူး။ ပညာဆိုတာ ကျွမ်းကျင်လိမ်မာရ၏ ။ ။ဗဟုသုတကုံလုံကြွယ်ဝရ၏ ။ စိတ်ထားဖြူစင်သန့်ရှင်းရ၏ ။ ကျောင်းတော်ကြီးကိုဦးတည်ချက်မဲ့စွာ လာရောက်ကြခြင်းမဟုတ်ဘဲ ပညာရွှေအိုးကြီးကို တူးဖော်ရန်လာရောက်ကြခြင်းဖြစ်တယ်။ ဘ၀မှာ နဖူးတွေ့၊ ဒူးတွေ့ ကြုံရမယ့် ပြသာနာတွေကို ဖြေရှင်းနိုင်အောင် နေတတ်၊ ထိုင်တတ်အောင် လေ့ကျင့်ပေးနေတာ ဖြစ်တယ်။ မုန့်ကိုလည်း စားတတ်ရမယ်။ အမှိုက်စွန့်ပစ်ရာမှာ စည်းကမ်းကိုလည်း လိုက်နာရမယ်။ ” စသည်ဖြင့် သြ၀ါဒများမိန့်ကြား၍ တစ်နေ့တာကိုဖွင့်လှစ်မြဲ ဖြစ်သည်။
ဘုရားရှိခိုးပြီးနောက် ပထမဆုံး စာသင်ချိန် စတင်ပါသည်။ သင်ခန်းစာ အသစ်ကို အတန်ကြာသင်ကြားပြီးနောက်  ဆရာမကြီးက ခေါင်းအနည်းငယ်ငုံ့၍ မျက်မှန်အပေါ်မှ မျက်လုံးတစ်စုံဖြင့် တစ်ခန်းလုံးကို ကြည့်လိုက်ပါသည်။ ဆရာမကြီး ထိုသို့ကြည့်ပြီဆိုလျှင် ကျွန်တော်တို့ အားလုံးသိပြီးဖြစ်သည်။ သင်ခန်းစာ အသစ်အပေါ် စိတ်မ၀င်စားငြီးငွေ့ နေသည်ဖြစ်၍ တစ်ကြောင်း ၊ သင်ခန်းစာ တစ်ချိန်နှင့် မပြီးလျှင်စာအသစ်မကျက်ရ၍ တစ်ကြောင်း ဆရာမကြီးစကားကို နားထောင်နေလျှင် ကောင်းမည်ဟု ဆုံးဖြတ်ကြသည်။
“မင်းတို့ရဲ့ ဦးတည်ချက်က ပညာရေးပဲ။ အဓိကနဲ့ သာမညကို ခွဲခြားသိရမယ်။ အဓိကဆိုတာ ကိုယ့်ရည်မှန်းချက်ပေါက်မြောက်အောင်မြင်အောင် ဖော်ဆောင်ခြင်းကို ဆိုလိုတယ်။ ရည်မှန်းချက်ပေါက်မြောက်အောင်မြင်ဖို့ဆိုတာ အခက်အခဲတွေကို မလွဲမသွေရင်ဆိုင်ရမှာ။ အဲဒီအထဲမှာ သာမညဆိုတာတွေ ရှိနေလိမ့်မယ်။ အဓိကနဲ့ သာမညကိုခွဲခြားတတ်ရင် ပေါက်မြောက်အောင်မြင်ဖို့ မဝေးတော့ဘူး။ ” ကျွန်တော်တို့ တိတ်ဆိတ်နေခဲ့ကြသည်။ နှစ်တက်တပည့်တိုင်းကို ဆရာမကြီး ထိုသို့ ဆုံးမပေးနေဦးမှာသေချာပါသည်။
ကျောင်းသား၊ကျောင်းသူများ လိမ္ပာယဉ်ကျေးအောင် ပြောဆိုသွန်သင်ရာတွင် မြန်မာဆရာမှာ ထိတ်ဆုံးက ပါဝင်သည်။ “နှုတ်ချိုသာစွာ ပြောဆိုရမယ်။ …………အရေးမပါဘူး။ …………..အသုံးမကျဘူးဆိုတဲ့ စကားတွေရှေ့မှာ ၀ိသေသတွေထည့်မပြောပါနဲ့။ ရိုးရိုးပဲပြောပါ ” ဟုလူရည်မွန်ဖြစ်ဖို့ ဆုံးမ၏။ ကျွန်တော်တို့ အကျင့်ပါနေသော (…….ကျင့်ပါနေသော ) ပါးစပ်များ ဆင်ခြင်မိကြသည်။ “၀ီရိယရှိခြင်းဟာ သတ္တိရှိခြင်းဖြစ်တယ်”ဟု ၀ီရ နှင့် ၀ီရိယကို ဆက်စပ်ပြခဲ့သည်။
“ခိုင်းမှလုပ်တယ်။ မခိုင်းရင်မလုပ်ဘူး။ ခိုင်းလိုက်တာကို စဉ်းစားဝေဖန်ခြင်းမရှိဘဲ ခိုင်းတဲ့အတိုင်းလုပ်တယ်။ ဒါကျွန်စိတ်ပဲ။ စီမံတတ်မှုနဲ့ ကိုယ့်ကိုကိုယ် ထိန်းသိမ်းပြီး အမြဲတိုးတက်နေအောင် ကြံစည်နေခြင်းဟာ သခင်စိတ်ဖြစ်တယ်။ ကျွန်စိတ်ကိုပယ်၊ သခင်စိတ်မွေးကြရမယ်။ ကျွန်ခေတ်၊ သခင်ခေတ် မဟုတ်သည့်တိုင် နေရာတိုင်း ဌာနတိုင်းမှာ ကျွန်စိတ်၊ သခင်စိတ် ရှိနေဦးမယ။် ”  ဆရာသည် ဖတ်ထားသမျှ ဆောင်းပါးတို့မှ ကောင်းနိုးရာရာလေးများကို တပည့်တို့အားဖြန့်ဝေပေးသည်။ ဘက်စုံပညာရေးတွင် “ စာမေးပွဲတွေနဲ့ ပြေး၊ ခုံ၊ ပစ်အားကစားလုပ်ငန်းနှစ်ရပ် ဆောင်ရွက်ရာမှာ ဘယ်လုပ်ငန်းကိုမှ မထိခိုက်ပဲ ၊ တစ်ဖက်စွန်းမရောက်ပဲ ပြုလုပ်ကြရမယ်။ အားကစားဆိုတဲ့ ကာယစွမ်းရည်နဲ့ စာမေးပွဲဆိုတဲ့ ဥာဏစွမ်းရည်တို့ကို ဟန်ချက်ညီညီပြသကြရမယ်” ဟူ၍ အားကစားနှင့် ပညာရေး ဒွန်တွဲညီမျှစေရန် ဆရာမိန့်ကြားခဲ့ပါသည်။
ကျောင်းရှေ့ ဗာဒံပင်ကြီးမှ ရော်ရွက်ခြောက်များ ၀ဲပျံကြွေကျနေကြသည်။ စာမေးပွဲကြီးနီးလာသည်နှင့် ကျွန်တော်တို့ တုန်လှုပ်ကြောက်ရွံ့ကြသည်။ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ကြသည်။ ထိုအခြေအနေမျိုးတွင် “ ဆန္ဒဆိုတာ ဖြစ်ချင်တာပဲ ရှိတယ်။ မျှော်လင့်ချက်ဆိုတာ ဖြစ်ချင်တာကိုဖြစ်အောင်လုပ်မှာ။ ဒီအတန်းထဲက ၉၀ ရာခိုင်နှုန်းသော ကျောင်းသား၊ ကျောင်းသူတွေဟာ ဆန္ဒနဲ့ပဲ ဖြစ်ချင်တာ ရှိတယ်။ မျှော်လင့်ချက်နဲ့ ကြိုးစားကြပါ။ ပုတ်သင်ညိုက ပြောသမျှကို ခေါင်းညိတ်တတ်တယ်။ ကြက်တူရွေးက မှတ်ထားပြီး ပြန်ပြောတတ်တယ်။ ပုတ်သင်ညို နဲ့ ကြက်တူရွေးလိုမဖြစ်စေနဲ့။ အရာရာကို ကိုယ်တိုင်စဉ်းစားတွေးတော။ ဒါဆိုသချာင်္တော်မယ်။” ၂၁ ရာစု၏ ပညာခေတ် အကြောင်းကိုလည်း ပြောပြအားကျစေခဲ့သည်။ စိတ်ခွန်အားကို နှိုးဆွ၍ ဆုံးမလမ်းညွှန်ပေး၏။
နှစ်စဉ်ကျင်းပသော ဘုံကထိန်ပွဲတော် ၊ မိဘဆရာ ကျောင်းသားစုံညီပွဲတော်၊ အာစရိယပူဇော်ပွဲတို့တွင် ကျောင်းသားကျောင်းသူတို့၏ စည်းလုံးမှု၊ ၀ါသနာနှင့် အစွမ်းအစ ၊ ရိုသေကိုင်းရှိုင်းမှုတို့ကို တွေ့မြင်ကြရသည်။ ဆရာ၊ ဆရာမတို့သည် စာပေပညာပို့ချပေးသည်သာမက နေ့စဉ်ပြောဆိုဆုံးမကြ၏။ တပည့်များအပေါ် မေတ္တာ၊ဂရုဏာ၊မုဒိတာတို့ဖြင့် သင်ပြကြသည်။ စေတနာ၊၀ါသနာ၊အနစ်နာတို့ဖြင့် ပန်းများပွင့်လန်းစေသည်။ တပည့်များကို ထက်မြက်စေလိုသည်။ စာသင်သားတို့က တပည့်ဝတ်ကျေပွန်စွာဖြင့် ဆရာတို့ထံမှ ဆုံမရတနာများ စုဆောင်း၍ အလိမ္ပာ ပညာရရှိရေးကို ရှေးရှုကြစေလိုသည်။          ။

မိုးပျံငှက်
ရွှေခနောင်း (အ.ထ.က ကနောင်) ရွှေရတုအကြိုမဂ္ဂဇင်း
၁၉၉၉-၂၀၀၀


မိုးတွင်း


တိတ်တဆိတ် ခိုးအောင်းနေရတာနဲ့
ငှက်တွေစကားမပြောနိုင်ကြဘူး
လှိုင်းတွေထနေတဲ့ မြစ်ကြီးခမျာက ယောင်ကိုင်းမောက်ကြွ
ချော်ကျိကျိသစ်ပင်တွေ လေးလံကိုင်းညွှတ်
ပြီးမှ ………….တစ်ဖန်စိမ်းလန်းရဲ့
တိမ်တွေကတော့တစ်ခုခုကိုအပန်းတကြီး ဖုံးကွယ်ထားလေတယ်
ဦးခေါင်းပေါ်မှာ တခြားဘာမှမရှိနိုင်ဘူးလို့ထင်ထားသူ
အဲဒီလူတွေကတော့ မိုးရေတွေခံယူနေကြ
ဟောဒါ……….
ရွာနိုင်သမျှရွာချနေတဲ့ အလယ်ကောင်ဥတုကြီးပေါ့လေ………….
စိတ်ကူးတွေလည်း စိုစွတ်ပျော့ဖတ်
နှလုံးသားမှာလည်း ဗွက်ပေါက်စေးကပ်
အဝေးမပြေးနိုင်တဲ့ လမ်းကြိုလမ်းကြားလေးပေါ့
တဒိန်းဒိန်း တဂျုန်းဂျုန်း
မိုးချုန်းသလိုလိုနဲ့ မိုးကြိုးတွေပစ်ပစ်ချတတ်လို့
ညစ်ပတ်ပတ် မည်းသဲသဲ
ရွှဲရွှဲစိုနေတဲ့ မျက်လုံးတွေနဲ့
သရက်သီးကြွေကောက်နေကြတဲ့ကလေးတွေကိုပဲ
ရင်ထဲ ဇွတ်ဆွဲသွင်းထားရတယ်။                ။
စန်းဦး
ရွှေခနောင်း (အ.ထ.က ကနောင်) ရွှေရတုအကြိုမဂ္ဂဇင်း
၂၀၀၂

ယန္တရားဆန်ဆန်ဆောင်း


တစ်ခုခုလိုအပ်နေစဉ်မှာ
တစ်ခုမကလိုအပ်ခဲ့ပေါ့
အစာအိမ်တစ်ခု လိုအပ်နေမှတော့
ကမ္ဘာကြီးက ပေါင်မုန့်တစ်ချပ်
ကြက်တူရွေးက စကားပြောအတတ်
ကောင်မလေးရေ
ချစ်ခြင်းတရားဆိုတာ
မရှိမဖြစ်လိုအပ်ခဲ့တယ်။
မလိုအပ်လှစွာ
ဒါဝင်ရဲ့မျောက်တွေက
လိမ္ပော်သီးကြီးကို ၀င်ရိုးတပ်
မွန်းကျပ်ကျပ် ကောင်းကင်ဟောင်းကြီးတစ်ခုအောက်မှာတော့
သမားရိုးကျ ပိုးမွှားတွေ တင်းကျမ်းပြည့်
တွေ့တယ်မဟုတ်လား
မြက်ရိုင်းတောမှာ ခရုတွေတွယ်ဖက်
မှိုတက်တွေ အမြန်ကြီးထွားနေတယ်
ယန္တရားဆန်ခဲ့တာကိုး။
အမှားအားလုံး မှန်ဖို့လိုအပ်သတဲ့
အေးစက်စက်ပျို့အန်
နှင်းထန်တဲ့ အဲဒီဆောင်းမှာတော့
နှေးကွေးလေးလံမှုကို စောင့်ဆိုင်းဖို့
နောက်ကျရထားတစ်စီး
သာမန်ထက်ပိုပြီး နောက်ကျခဲ့တော့တယ်။          ။

မြတ်နိုးနိုင်
ရသအောင်မြေ
ဧပြီ ၊ ၁၉၉၂

ကောက်နွယ်နေတဲ့ ကနောင်


မျက်နှာကို ဖုန်မိတ်ကပ်နည်းနည်းဖို့
နာကျည်းစွာ ပါးရိုက်ခံနေရ
ချိုမြတဲ့ အရသာတစ်စက်မှမရှိ
မြေပဲယို လမ်းမကြီးဟာ
ဆက်သွယ်ရေး လည်ချောင်းဝမှာတစ်ဆို့
အဲဒီမြို့………………
တယ်လီဖုန်း လျှာပြတ်တွေနဲ့
လျှပ်စစ်ကောင်းကင်ကြိုး ပင့်ကူအိမ်တွေမှာ
အတ္တကြီးသူ စားကြွင်းစားကျန် ငါးရိုးတွေချိတ်လို့
အဲဒီမြို့ …………..
ရှေးဟောင်း မွန်လူမျိုးနွယ်စုတွေအခြေချခဲ့
စစ်ရေးရာဆင်ကျုံး ၊ မြင်းကျုံး ၊ နှစ်ထပ်ကျုံးနဲ့
နယ်ချဲ့သွေးကို သောက်ခဲ့ ဆိပ်ကမ်းနယ်ကောင်း
ရေးကြောင်းသွားလာ အထစ်တစ်ရာစီလျက်
ကမ်းတက်ကျွန်းလုံး လှေခါးထစ်တွေနဲ့တပ်မြို့
ခုတော့လဲ
မြစ်ရေတိုက်စား
သူ့သွားတွေ ကျိုးပဲ့ခဲ့တဲ့မြို့
အဲဒီမြို့ …………….
သူ့ ခန္ဓာကိုယ်ထဲစီးမျော
သွေးကြောတစ်ခုလည်းရှိပါ့
ကျွဲချိုမှုတ်သံတွေကြားရ
တဖက်ကမ်း သောင်ပုရစ်တွေ သယ်လာတဲ့
ရာသီစာ ကုန်စိမ်းတွေ သူ့ခေါင်းပေါ်တင်လို့
နှစ်ထပ်သင်္ဘောလေးသာ
ထက်အောက်စုန်ဆန်မပြေးရင်
လူမသိ သူမသိ တိတ်တိတ်စော်ကားခံရ
အပျိုရည်ပျက်စ ကောင်မလေးလို
ရှက်လို့
အဲဒီမြို့ ………

ထိလိုက်ရင်ခွေ ထိကရုန်းတွေ
ခြုံနွယ်ပိတ်ပေါင်းတွေထဲက
ရှေးဟောင်းသမိုင်းဝင် ဘုရားလေးငါးဆူ
သူ့လည်ပင်းမှာဆွဲလို့
ရိုးရာလက်ဖွဲ့ နတ်နန်းနှစ်ခုကိုလဲချိတ်လို့
သူ့ရင်အုံကျယ်ကျယ်ကြီးကို ကျားသစ်ကုတ်
ထယ်ကြောင်းရာတွေ ဗရပွနဲ့
ငဘဆွေမျိုးသားချင်းတွေ
မြေကြီးကို ရွှေဖြစ်အောင် အဂ္ဂိရတ်ထိုးကြ
လုံကွဲပွပွထဲမှာ ဖွဲပြာတွေဖြစ်လို့
အဲဒီမြို့ …………
အုပ်လုံးသိမ်းစ ထန်းပင်ညိုညို
ပျားရည်လိုချိုအောင် ကျိုချက်သောက်ကြ
အဆိပ်မဲ့ ပုရွတ်တွေ
ထန်းလျက်ခဲတွေ ချီမသယ်ပိုးလာကြ
ကွမ်းခြံကုန်းရွာ တောချက်အရက်
ဓါတ်ဆီနဲ့ပက်သလို ဟုန်းခနဲမီးတောက်ထ
ရင်ကွဲရုံကလေးရဲ့ ကြေကွဲမှုတစ်စ
ခုတော့လည်း ဘာမှမသိသလို
အပေါစား လက်ခုပ်သံတွေဆူညံ
ဟန်ဆောင်ကောင်းတဲ့မြို့
အဲဒီမြို့ …………..
ရဲလူထွက်အဘိုးကြီးရဲ့ သံဖြူဆိုင်
သွပ်တိုသွပ်စ သုံးမရတဲ့ ပစ္စည်းပုံထဲမှာ
သံချေးတက် ပုံးစုတ်ဟောင်းတစ်ခုလို
တွန့်လိမ်ပျော့ခွေရွဲ့စောင်း လဲလျောင်းလို့
အဲဒီမြို့ ……………
ဖိနပ်မပါတဲ့ ခြေထောက်တွေ
မီးခဲပြင် သူ့ ကျောပေါ်မှာ ခုန်စွ ခုန်စွခုန်လို့
ချော်ရည်သောက် တဲအိမ်မှိန်ဖျော့ဖျော့တွေ
သူ့ဗိုက်ပေါ်မှာ ပြားကပ်စီးပေလို့
လောကဓံထုံဆေးနဲ့
အေးစက် ဘောင်ကျဉ်းခတ်ထားတဲ့မြို့
အဲဒီမြို့ ……………
ဆံသဆိုင် လေးထဲက
လွမ်းစရာကောင်းတဲ့ တယောသံလေးရေ
နာရီသေတွေကို ပုခုံးပုတ်လှုပ်နှိုး
မိရိုးဖလာ လှည်းလမ်းကြောင်းထဲက ကုန်းရုန်းထ
ရဲကင်းထဲက နာရီထိုးသံကြားရ
မသေချာတာတွေ မော့ချ
ထန်းရည်ခါးခါးနဲ့ ဒုစရိုက်တွေ ပွေ့ပိုက်လို့
အဲဒီမြို့ …………..
ခုတော့လဲ
သူ့ရင်ထဲက
အောက်သိုးချဉ်စော်နံ စာရိတ္တတွေအန်ချ
အဲဒီမြို့ကို
သန့်ပြန့်အောင် ရေချိုး ရိုးသားမှုတွေပေးဆပ်
ကမ်းစပ်အောင်စခန်းသာ လက်ဖက်ရည်ဆိုင်မှာ
ထိုင်နေတာ
စကြ၀ဠာကို အရေခွံလဲနိုင်တဲ့
အဲဒီမြို့ရဲ့ ကဗျာဆရာပဲပေါ့ ……..။        ။
ကောက်နွယ်ကနောင်
ရသအောင်မြေ ( မြန်အောင်မြို့နယ်) မဂ္ဂဇင်း
ဧပြီ ၊ ၁၉၉၂

Friday, March 5, 2010

စိတ္ဆဇပန်းချီကားတစ်ချပ်



စိတ္တဇပန်းချီ ၊ အနီရောင်ဆေးစက်
ရဲရဲလက်ကာ ၊ စုတ်ချက်အပြာရောင်
ဒေါင်လိုက်ဖြတ်မျဉ်း
ဆေးသားချင်းထပ် ၊ စုတ်ရာထပ်၍
ကျပ်သိပ်ရောပြွမ်း ၊ အမြင်ဆန်းသည်
ကြမ်းတမ်းမွမွ ၊ ဖုထစ်ထ၏ ။
ကြည့်သူအများ
စကားပွတ်လျှံ ၊ တီးတိုးညံသည်။

“ရမက်ဧကရီတစ်ပါး
ပုံတူကားပဲ ၊ ရဲရဲလက်လက်
ဆေးနီစက်က ၊ ဖော်ကျူးပြတာ
သူမ မျက်လုံးတွေပေါ့ ”

“လူမမည်ကလေး
အေးချမ်းတဲ့ပုံတူ ၊ လူငယ့်အပြုံး
အပြာရောင်ကိုသုံးပြီး
ရုပ်လုံးဖော်ပြလိုက်တာလေ ”

“ဒါဟာ
ခက်မာကြမ်းတမ်း ၊ ဘ၀လမ်းအသွင်
တင်စားထားချက် ၊ ဖော်ကျုးချက်ပဲ
စုတ်ချက်တွေ
ဆေးစက်တွေ ၊ ဒါတွေက
ဘ၀လမ်းလို ၊ ကြမ်းတမ်းပါဘိ ”

မည်သူတွေက ၊ မည်သို့ မည်ပုံ
အတွေးစုံကာ ၊ အာရုံခံစား
တွေ့ထိငြားလည်း ၊ နံရံဆွဲချိတ်
ဘောင်ကွပ်ပိတ်သည့် ၊ စိတ္တဇပန်းချီသည်
ဆေးရည်ဖုထ ၊ ရှုပ်ပွပွလျက်
မွမွကြဲကြဲသာတကား ။           ။

မောင်ညီညွတ်
(၁၉၇၀ ၊ ၀ိရောဓိအရုဏ် ကဗျာများ)

နေမြင့် မြန်တဲ့ မနက်


ရှေးပဝေသဏီကတည်းက
ဟယ်ရီပေါ်တာ့ လမ်းဟောင်းကြီးကို ငါရင်ခုန်နေလိုက်ပုံ
တောင်နံရံ ချောက်ကမ်းပါး
ဘ၀ဟာ ကစားကွင်းထဲက ရထားလမ်းလို
ဟစ်ပိုကရေးတီးရဲ့ မြွေတစ်ကောင်
မျဉ်းပြိုင်များ ပြတ်ရွေ့များ
ကွန်တိုများ ဂရပ်များ
အိုးတန်ဆန်ခပ် ရွေးချယ်မှုများ
.................................................
...............................
ရှင်လျက်ဆေးစိမ်ခံထားရ
ငါ ပျောက်ရှသွားတယ်။

ကောင်းကင်ပြာဆီ ရုန်းထပျံသန်း
အမြင့်က လှမ်းကြည့်လိုက်ရတဲ့ အလင်းရောင်
အစာသွပ် ပေါင်မုန့်တစ်လုံးအတွက် ဘယ်လောက်ခရီးပေါက်ခဲ့ပြီလဲ
ကျောင်းဝန်းထဲက ခရေရိပ်မှာ
ဗလာမျက်ဝန်း တစ်စုံရဲ့ သိမှတ်မှုအမှားအယွင်း
အော်ဂလီဆန်တဲ့ ကဗျာည လရောင်က ညနက်နက်ကို မနမ်းဘူး။

ဓာတ်ခွဲခန်းရယ်
အမည်မသိ အလင်းတန်းရဲ့ ပုံရိပ်သေတွေရယ်
အထောက်အကြူပု ကိရိယာတွေကြား
ငါ့ရဲ့ ရှူနာရှိုက်ကုန်းဖြစ်မှု
စိတ်ကိုစိတ်နဲ့ ကုဖို့
ခင်ဗျားတို့ သဘောတူထားတဲ့
အဲဒီ မနက်ဟာ နေမြင့်မြန်ခဲ့တယ်။ ။

မိုးပျံငှက်
၂၀၀၄-၂၀၀၅

ဆေးဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း

Tuesday, November 11, 2008