Sunday, May 23, 2010

ပဲခူးတိုင်း ဝေါမြို့နယ် ရွာများသို့

   
--> ပြီးခဲ့သော စနေနေ့က Searchers-Myanmar အဖွဲ့နှင့် Volunteer အဖြစ်လိုက်ပါခဲ့သည်။ ထိုအဖွဲ့၏ ဆောင်ပုဒ်မှာ Overall development for poor ဖြစ်ပါ၏။ လူငယ်တွေ စုပေါင်းပြီး ၂၀၀၆ ခုနှစ်ကတည်းက စတင်ဖွဲ့ စည်းခဲ့ပြီး ယနေ့ထိ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနှင့် လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ရွက်နေဆဲ ဖြစ်သည်။ ကျွန်တော်တို့ အဖွဲ့သည် ရန်ကုန်မှ ကားဖြင့် ဝေါမြို့သို့ ရောက်ရှိသည်။ ထို့နောက် ပဲခူး-စစ်တောင်း
တူးမြောင်းမှ စက်လှေဖြင့်  ရွာများသို့ ခရီးဆက်ခဲ့ကြသည်။ ရေပုံးများကို လိုအပ်သောအိမ်ထောင်စုများအား အလှူရှင်များ ကိုယ်စားလှူဒါန်းခဲ့ကြသည်။ ရေလှူဒါန်းရန် ရည်ရွယ်ခဲ့ကြသော်လည်း မိုးရွာလာပြီက တစ်ကြောင်း ၊ ရွာဘုန်းကြီးကျောင်းမှ ရေရရှိနေသည်ကတစ်ကြောင်းကြောင့် ရေသိုလှောင်ထားနိုင်ရန် ရေပုံးများကို အလှူရှင်များ ကိုယ်စား လှူဒါန်းခဲ့ကြသည်။ ကျွန်တော်တို့ ရောက်ရှိခဲ့သော ကျေးရွာများမှာ ဝေါမြို့နယ် ရှမ်းစုကျေးရွာ ၊ ကန်မြင့်ကျေးရွာ ၊ မယ်ဇလီကုန်းကျေးရွာတို့ ဖြစ်ကြသည်။ 
အပြန်လမ်းတွင် ကားပျက်သဖြင့် ပဲခူးအထွက်တွင် ကျွန်တော်တို့ နှစ်နာရီ သုံးနာရီခန့် စောင့်ဆိုင်းနေကြရ၏။ ရန်ကုန်အပြန်နောက်ကျသော်လည်း လူငယ်တွေမို့ အခက်အခဲများကို စိတ်မပျက်ပဲ သီချင်းများဆိုကာပျော်ပျော်ပါးပါး ပြန်ခဲ့ကြသည်။        


ဒီခရီးစဉ်လေးသည် ကျွန်တော်အတွက် Searchers-Myanmar အဖွဲ့နှင့် လိုက်ပါခြင်း နောက်ဆုံးဖြစ်တော့သည်။   ကျွန်တော် ကိုယ်ပိုင်တိုးတက်ရေးအတွက် ပြန်လည်ကြိုးစားရပါဦးမည်။
ကျွန်တော်တိမ်တွေမြင်တော့ ပျော်သည်။ ပူပြင်းလှသောနွေက ကျွန်တော်တို့အား အတော်လေးနှိပ်စက်ခဲ့ပြီး ဖြစ်၏။ ယခုအခါမှာတော့ ကျွန်တော်တို့ ရင်ဝယ် အေးမြသော ပီတိတွေနှင့် မမေ့နိုင်သော ခရီးစဉ်လေးဖြစ်ခဲ့ပါတော့သည်။          ။
 
မိုးပျံငှက်
-->

No comments:

Post a Comment